အသက် (၅၀) အရွယ် မရောက်ခင်အထိ ကစားနိုင်တယ်လို့ ကြုံးဝါးလိုက်တဲ့ အီဗရာဟီမိုဗစ်

ဇလာတန်အီဗရာဟီမိုဗစ်က သူ့အနေနဲ့ သင့်တော်တဲ့ ကလပ်အသင်းနဲ့ လက်တွဲဖြစ်ပါက အသက် ၅၀ အရွယ်မရောက်ခင်အထိ ဘောလုံးကစားနိုင်တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။အသက် ၃၈ နှစ်အရွယ်ကစားသမားဟာ မေဂျာလိဂ် အယ်အေဂလက်စီအသင်းမှာ (၂) နှစ် ကစားပြီး စာချုပ်သက်တမ်းကုန်ဆုံးသွားသူဖြစ်ပါတယ်။


မိုဗစ်ဟာ ဆွီဒင်၊ နယ်သာလန်၊ အီတလီ၊ စပိန်၊ ပြင်သစ် နဲ့ အင်္ဂလန်တို့မှာ ကစားခဲ့သူဖြစ်ပြီး အင်တာမီလန်၊ ဂျူဗင်တပ်စ်၊ ဘာစီလိုနာ၊ ပီအက်စ်ဂျီ နဲ့ မန်ယူနိုက်တက်အသင်းတို့ရဲ့ ကစားသမားဟောင်းဖြစ်ပါတယ်။နှစ်ပေါင်းများစွာ ဘောလုံးသမားဘဝကို ဖြတ်သန်းလာသော်လည်း သူ့အနေနဲ့ အနားယူမယ့်အချိန်မရောက်သေးဘူးလို့ ဝန်ခံပြောကြားသွားခဲ့ပါတယ်။


“ကျွန်တေ်ာ့ကို စိတ်ဓာတ်တက်ကြွအောင် လုပ်နိုင်မယ့် စီမံကိန်းတစ်ခုရှိရင် ကျွန်တော်ဟာ အသက် (၅၀) အရွယ်မတိုင်ခင်အထိ ဘောလုံးကစားနိုင်ပါတယ်” လို့ မိုဗစ်က La Gazzetta dello Sport ကို ပြောသွားခဲ့တာဖြစ်ပါတယ်။မိုဗစ်က သူ့ရဲ့ စတိုင်ဟန်ပန်အမူအရာက ၁၈၀၀ ခုနှစ်လောက်တုန်းက အီတလီစစ်ဗိုလ်ချုပ် Giuseppe Garibaldi နဲ့ တူတယ်လို့လည်း နှိုင်းယှဉ်ပြောသွားခဲ့ပါတယ်။


“လော့စ်အိန်ဂျယ်လိစ်မှာ ကျွန်တော့်ရဲ့ အတွေ့အကြုံတွေက အဆုံးသတ်သွားပါပြီ။ အဲ့ဒီနေရာက အရမ်းကို ထူးခြားဆန်းကျယ်ပါတယ်။ အခု ကမ္ဘာနှစ်ခုမှာ သူရဲကောင်း (၂) ယောက်ရှိနေပါပြီ။ ကျွန်တော်နဲ့ Guiseppe Garibaldi” လို့ မိုဗစ်က ပြောသွားခဲ့တာဖြစ်ပါတယ်။