လီဗာပူးအသင်းရဲ့ ချန်ပီယံလိဂ် အသက်ဆက်ရေး မျှော်လင့်ချက်အတွက် အံ့အားသင့်ဖွယ် ဝန်ခံမှု တစ်ခုပြုလုပ်လိုက်တဲ့ ယာဂင်ကလော့ပ်

ကျွန်တော်တို့ကတော့ ဘုရားတနေရပြီး ဒီပြိုင်ပွဲက ပိုပို ခက်ခဲလာတာကို ရှင်းရှင်းလင်းလင်းကြီး မြင်နေကြတာပါ …….
လီဗာပူး အသင်းဟာ မနေ့က နာပိုလီ အသင်းနဲ့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့တဲ့ ချန်ပီယံလိဂ် အိမ်ကွင်း ပွဲစဉ်အပြီးမှာ နောက်တစ်ဆင့်တက်ရေးအတွက် ခက်ခဲကြမ်းတမ်းတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရတော့မယ်လို့ နည်းပြ ယာဂင်ကလော့ပ်ကိုယ်တိုင်က ဝန်ခံလိုက်ပါတယ်။ လက်ရှိ အုပ်စု အနေအထားအရ လီဗာပူး အသင်းက ရမှတ် (၁၀) မှတ်နဲ့ ဦးဆောင်ထားနိုင်ပေမယ့် နောက်ဆုံး ပွဲစဉ် အဖြစ် ဆဲလ်ဘာ့ဂ် အသင်းကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့မယ်ဆိုရင် မမျှော်လင့်ဘဲ ယူရိုပါလိဂ်ကို ဆင်းကစားလိုက်ရမယ့် အန္တရာယ်နဲ့ ရင်ဆိုင်နေရတာပါ။

ရမှတ် (၇) မှတ်နဲ့ အုပ်စု တတိယနေရာက ဆဲလ်ဘာ့ဂ် အသင်းဟာ လီဗာပူး အသင်းရဲ့ အိမ်ကွင်းမှာ ၄-၃ ဂိုးနဲ့ ရှုံးနိမ့်ထားပြီး သူတို့ အိမ်ကွင်းမှာ လီဗာပူးကို ၁-၀ ဂိုးနဲ့ အနိုင် ရရှိခဲ့ရုံနဲ့ ရမှတ်တူ အနေအထားနဲ့ ထိပ်တိုက်တွေ့ဆုံမှု အရ လီဗာပူး အသင်းကို အသာရသွားမှာဖြစ်သလို တစ်ဖက်က ပွဲစဉ်မှာလည်း နာပိုလီ အသင်း အနိုင်ရရှိခဲ့ပါက လက်ရှိ ချန်ပီယံတို့ အုပ်စုအဆင့်ကတင် ပြိုင်ပွဲကို နှုတ်ဆက်ရပါလိမ့်မယ်။

ဒီလို အနေအထားနဲ့ ပတ်သက်လို့ လီဗာပူး နည်းပြ ယာဂင်ကလော့ပ်က “နာပိုလီ အသင်းက ဒီပွဲအပြီး အဝတ်လဲခန်းထဲမှာ နောက်တစ်ဆင့် တက်သွားသလို အောင်ပွဲခံနေကြပြီး သူတို့ နောက်တစ်ဆင့် တက်သွားတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ကတော့ ဘုရားတနေရပြီး ဒီပြိုင်ပွဲက ပိုပို ခက်ခဲလာတာကို ရှင်းရှင်းလင်းလင်းကြီး မြင်နေကြတာပါ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ အုပ်စုတွင်း အဓိက ပြိုင်ဘက် နာပိုလီ အသင်းကို အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့လုံးမှာ အနိုင် မကစားနိုင်ခဲ့ဘဲ ပထမအကျော့ အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့သလို၊ ဒုတိယအကျော့ အိမ်ကွင်း ပွဲမှာလည်း နောက်ခံလူ လိုဗရန် ရဲ့ ချေပဂိုးကြောင့်သာ ရှုံးပွဲနဲ့ ထပ်မံ မရင်ဆိုင်ခဲ့ရတာပါ။ လီဗာပူး အသင်းခေါင်းဆောင် ဟန်ဒါဆန်ကတော့ ချန်ပီယံလိဂ် ရှုံးထွက် အဆင့်ကို တက်ရောက်နိုင်မယ်ဆိုတဲ့ ယုံကြည်ချက်ရှိနေပြီး လက်ရှိ ချန်ပီယံတို့ အုပ်စုအဆင့်က လွတ်မြောက်အောင် စွမ်းဆောင်နိုင်မလား လာမယ့် ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ အဖြေပေါ်ပါတော့မယ်။


Notice: ob_end_flush(): failed to send buffer of zlib output compression (0) in /home/myanball/public_html/wp-includes/functions.php on line 4344