မလေးရှားကလပ် ဆီလန်ဂေါအသင်းသို့ ဟံသာဝတီလူငယ်ကစားသမား ဟိန်းထက်အောင် ၃နှစ်စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့

ကျင်းပပြီးစီးခဲ့တဲ့ 2020 MPT-MNL ပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဟံသာဝတီယူနိုက်တက်အသင်း ရဲ့ မြန်မာ့လက်ရွေးစင်ယူ-၁၉ ကစားသမားဟောင်း ဟိန်းထက်အောင်အနေနဲ့ မလေးရှားထိပ်သီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ ဆီလန် ဂေါအသင်းဆီကို ၃နှစ်စာချုပ်နဲ့အတူ အပြီးသတ်ပြောင်းရွှေ့ခဲ့ပြီဖြစ်တယ်လို့ ကစားသမားဖြစ်သူရဲ့အပြောင်းအရွှေ့အလုံးစုံကိုစီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ FairPlaySports Management ရဲ့  မြန်မာပြည်တာဝန်ခံ ကိုရဲမင်းက MyanBall ကို အတည်ပြုပြောဆိုပေးခဲ့ပါတယ်။

မန္တလေးအကယ်ဒမီကနေထွက်ပေါ်လာခဲ့တဲ့ ဟိန်းထက်အောင်ဟာ ဟံသာဝတီအသင်းမှာ ၃နှစ်ကြာပါဝင်ကစားခဲ့သူဖြစ်ပြီး ပထမတစ်နှစ် မှာ အငှားစာချုပ်နဲ့သာကစားခဲ့ရကာ နောက်ပိုင်းမှာ ၂နှစ်စာချုပ်ချုပ်ဆိုခွင့်ရရှိခဲ့သူလဲဖြစ်ပါတယ်။ လက်ရှိမှာတော့ ဟံသာဝတီယူနိုက်တက်အသင်းနဲ့ ဟိန်းထက်အောင်တို့အကြား စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီဖြစ်လို့ ကစားသမားဖြစ်သူကိုယ်တိုင်က ပြည်ပထွက်ကစားဖို့ဆုံးဖြတ်ခဲ့တာလဲဖြစ်ပါတယ်။ “ ဆီလန်ဂေါအသင်းက ကမ်းလှမ်းခဲ့တာပါ။ အဓိက,ကတော့ အေးဂျင့်ရဲ့ လုပ်ဆောင်ပေးမှုလို့ပြောလို့ရပါတယ်။

ဆီလန်ဂေါအသင်းရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့တဲ့အချိန် ဒီမှာက မြန်မာနေရှင်နယ်လိဂ်ပွဲတွေကစားနေတုန်းဖြစ်တယ်။ အဲ့ဒီအတွက် အေးဂျင့်က ဒီမှာစွမ်းဆောင်မှုတွေ ၊ လုပ်ပြမှုတွေကို လင့်ခ်တွေပို့ပေးတော့ အခုလိုကမ်းလှမ်းမှုကို လက်ခံရရှိခဲ့တာပါ ” လို့ ဟိန်းထက်အောင်က ထုတ်ဖော်ပြောဆိုခဲ့တာပါ။ 2020 MPT-MNL ပြိုင်ပွဲအပြီး အပြောင်းအရွှေ့ကာလအတွင်း ဟိန်းထက်အောင်ကိုခေါ်ယူလိုတဲ့ မြန်မာနေရှင်နယ်လိဂ်အသင်းကြီးအချို့ က အပြိုင်အဆိုင်ကမ်းလှမ်းခဲ့ကြပေမယ့် ကစားသမားဖြစ်သူကိုယ်တိုင်က မလေးရှားကလပ်အသင်းရဲ့ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့ခြင်း ဖြစ်တယ်လို့လဲ သိရပါတယ်။

FairPlaySportsManagement ရဲ့အတည်ပြုချက်အရ ဟိန်းထက်အောင်အနေနဲ့ အစကနေဦးတွင်ဆီလန်ဂေါ-၂အသင်းဖြစ်တဲ့ မလေးရှား ပရီးမီးယားလီဂါမှာ စကစားရမှာဖြစ်ပြီး ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုပါက မလေးရှားစူပါလိဂ်ပြိုင်ပွဲဝင် ဆီလန်ဂေါအသင်းကြီးဆီကို ပြောင်းရွှေ့ ကစားခွင့်ရမှာဖြစ်တယ်လို့လဲသိရပါတယ်။