Ballon D’Or ဆုရဖို့ ဟာဇက် စိတ်ဓာတ်ပြောင်းရမယ်လို့ ရှဝါဇာ ပြော

ဟာဇက်အနေနဲ့ Ballon D’Or ဆုရဖို့အတွက် လိဂ်ပြောင်းကစားစရာ မလိုဘဲ စိတ်ဓာတ်ရေးရာ ပြောင်းလဲရမယ်လို့ ချဲလ်ဆီးဂိုးသမားဟောင်း ရှဝါဇာက ပြောပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း လာလီဂါကစားသမားတွေပဲ Ballon D’Or ဆုရခဲ့တဲ့အတွက် အဲဒီဆုရအောင် လာလီဂါကို ပြောင်းကစားရလိမ့်မယ်လို့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ဟာဇက်က ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီနဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒို(လက်ရှိ ဂျူဗင်တပ်အသင်း)တို့ကပဲ Ballon D’Or ဆု ဆွတ်ခူးခဲ့ကြပါတယ်။ ဟာဇက်အနေနဲ့ Ballon D’Or ရဖို့အတွက် မက်ဆီ၊ ရော်နယ်ဒိုတို့ရဲ့ စိတ်ဓာတ်အဆင့်အတန်းမျိုး ရောက်ဖို့လိုတယ်လို့ ရှဝါဇာက သုံးသပ်ခဲ့ပါတယ်။

” Ballon D’Or ဆုကို သူ ရနိုင်ပါတယ်။ သူက ဒီဆုရလောက်တဲ့ ပါရမီရှိသူပါ။ သူ့မှာ စွမ်းဆောင်ရည်လည်းရှိတယ်။ အားလုံးရှိပါတယ်။ သူ့ရဲ့စိတ်ကူးထဲမှာရှိနေတာပါ။ ကျွန်တော် ချဲလ်ဆီးမှာကစားကတည်းက သူ့ရဲ့ ထူးခြားမှုကို တွေ့ခဲ့ပါတယ်။ သူ ကောင်းကောင်းခြေစွမ်းပြနိုင်ခဲ့တဲ့ ပွဲစဉ်တစ်ပွဲပြီးတော့ အပတ်တိုင်း ဒီလောက်ကစားနိုင်အောင် ကြိုးစားရမယ်လို့ သူ့ကို ကျွန်တော် ပြောခဲ့ပါတယ်။ တစ်ခါတလေတော့ ကောင်းကောင်းကစားနိုင်တယ်။ တစ်ခါတလေတော့ ကောင်းကောင်းမကစားနိုင်ဘူးလို့ သူ ကျွန်တော့်ကို တုံ့ပြန်ခဲ့ဖူးပါတယ်”လို့ ရှဝါဇာက ပြောပါတယ်။ ဟာဇက်ဟာ နည်းပြဆာရီလက်ထက် ချဲလ်ဆီးအသင်းမှာ ခြေစွမ်းပြနေပြီး လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်သွင်းဂိုး ၇ ဂိုးနဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *