လီဗာပူးနဲ့ နယူးကာဆယ်ပွဲအတွက် ဒဏ်ရာရကစားသမားစာရင်း၊ နှစ်ဖက်နည်းပြပြောစကားနဲ့ လော်ရိုးရဲ့ခန့်မှန်းချက်များ

သူတို့ရဲ့ကွင်းဘက်ခြမ်းမှာပဲ အထိုင်ချပြီး လီဗာပူးကို ဒုက္ခပေးလာဦးမယ်ဆိုပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒါက အလုပ်ဖြစ်မယ်မထင်ပါဘူး …..

လီဗာပူးအသင်းက မီလ်နာနဲ့ဂျိုးဂိုးမက်ဇ်တို့ ဒီပွဲမှာ ပြန်ပါလာနိုင်ဖွယ်ရှိပေမယ့် ကလိုင်းနဲ့အယ်လစ်ဆန်တို့ကတော့ ဒဏ်ရာကြောင့် အနားယူနေရဆဲပါ။ ရာသီကြိုခြေစမ်းပွဲမှာ ဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ်ကွင်းလယ်လူ ကီတာလည်း မကြာခင်မှာပဲ အသင်းနဲ့ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ဖို့ရှိပါတယ်။ နယူးကာဆယ်အသင်းက ကွင်းလယ်လူ လောင်းစတပ်ဖ်ကတော့ လေ့ကျင့်ရေးကွင်းမှာ ရရှိခဲ့တဲ့ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒီပွဲကို လွဲချော်ဖို့ ရှိနေတဲ့အပြင် ရစ်ချီ၊ မက်ဆီမင်၊ ကာရိုးလ်၊ ဂေးလီ၊ ယက်ဒ်လင်းနဲ့ လီယွန်နီတို့ ဒီပွဲမှာ ပါဝင်နိုင်မှာ မဟုတ်ပါဘူး။

နယူးကာဆယ်အသင်းက အဝေးကွင်းနောက်ဆုံးပွဲမှာ စပါးအသင်းကို ခံစစ်ပိုင်းက အကောင်းဆုံး ခြေစွမ်းပြရင်း အနိုင်ကစားခဲ့ပြီး ဒီပွဲမှာလည်း စပါးကို ရင်ဆိုင်သလို ရင်ဆိုင်လာပါလိမ့်မယ်။ ဒါပေမယ့် (၁၉၅၀) ခုနှစ်ကစပြီး အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ လိဂ်ပွဲ (၄၆) ပွဲမှာ နယူးကာဆယ်တို့ (၂) ပွဲပဲ နိုင်ခဲ့တာပါ။ ဒီပွဲမှာရော နယူးကာဆယ်အသင်းရဲ့ တိုက်စစ်မှူး ဂျိုလင်တန်တစ်ယောက် အိမ်ရှင်လီဗာပူးအသင်းကို ဘယ်လောက်အထိ ဒုက္ခပေးနိုင်မလဲ စောင့်ကြည့်ရဦးမှာပါ။
လီဗာပူးအသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲ ရထားတဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပြီး ပြိုင်ဘက်အသင်းနဲ့ပတ်သက်လို့ လီဗာပူးနည်းပြ ယာဂင်ကလော့ပ်က “စတိဗ်ဘရုစ်က ခက်ခဲတဲ့အလုပ်ကို လုပ်နေတာဖြစ်ပြီး အကောင်းဆုံးလည်း စွမ်းဆောင်ပြပြီးပါပြီ။ သူတို့က ပြီးခဲ့တဲ့ရာသီက ပုံစံအတိုင်း ရှိနေပြီး ရွန်ဒွန်ကို လက်လွှတ်လိုက်ရပေမယ့် ဂျိုလင်တန်ကို ပြန်ရခဲ့ပြီး သူကလည်း ရွန်ဒွန်လို ကစားသမားမျိုးပါ။ နောက်ပြီးတော့ နယူးကာဆယ်အသင်းရဲ့ တန်ပြန်တိုက်စစ်တွေကလည်း လျင်မြန်ပါတယ်။” လို့ဆိုပါတယ်။

ဒီပွဲအပေါ်မှာလည်း ကလော့ပ်က “ပရိသတ်တွေ ထင်သလို ဒီပွဲက လွယ်ကူမယ့် ပွဲတစ်ပွဲ မဟုတ်ပါဘူး။ ဒါပေမယ့် ပြိုင်ဘက်အသင်းနဲ့ ပတ်သက်လို့ ကျွန်တော် လေးစားမှုအပြည့်ထားပါတယ်။” ဆိုပြီး ပြောကြားခဲ့ပါတယ်။ နယူးကာဆယ်နည်းပြ စတိဗ်ဘရုစ်ကလည်း “ကျွန်တော်တို့က ဥရောပချန်ပီယံအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး သူတို့က ရင်ဆိုင်ဖူးသမျှ အသင်းတွေထဲမှာ အကောင်းဆုံး အသင်းဖြစ်လာနိုင်တာကြောင့် ခံစစ်ပိုင်းက ပုံစံကောင်းပြသနိုင်ဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် ကျွန်တော့်အသင်းရဲ့ လက်ရှိလူစာရင်းကလည်း ကောင်းမွန်ပြီး ဘယ်အရာကိုမဆို လုပ်ပြနိုင်ပါတယ်။ စပါးအသင်းကို ပူပူနွေးနွေးနိုင်ထားသလို ပြီးခဲ့တဲ့နှစ်ကလည်း မန်စီးတီးကို နိုင်ထားတာကြောင့် သူတို့ ဒီလိုတွေ ထပ်လုပ်ပြနိုင်ဖို့ ကြိုးစားပါလိမ့်မယ်။” လို့ ပြောကြားခဲ့တာပါ။

ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ခန့်မှန်းနေကျ BBC ရုပ်သံရဲ့ အားကစားအစီအစဉ်တင်ဆက်သူ လော်ရိုးကလည်း “စတိဗ်ဘရုစ်ရဲ့အသင်းက စပါးအသင်းကို ရင်ဆိုင်ခဲ့သလို ပုံစံမျိုးနဲ့ ဒီပွဲကို ရင်ဆိုင်လာမယ်ဆိုတာ သေချာပါတယ်။ သူတို့ရဲ့ကွင်းဘက်ခြမ်းမှာပဲ အထိုင်ချပြီး လီဗာပူးကို ဒုက္ခပေးလာဦးမယ်ဆိုပေမယ့် ဒီတစ်ကြိမ်မှာတော့ ဒါက အလုပ်ဖြစ်မယ်မထင်ပါဘူး။ လီဗာပူး ၃-၀ နယူးကာဆယ်ပါ။” ဆိုပြီး သုံးသပ်ခန့်မှန်းသွားခဲ့ပါတယ်။