ဂွါဒီယိုလာသာ သူရှိနေတဲ့ အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုင်တွယ်ခဲ့ရင် အောင်မြင်လိမ့်မယ်ဆိုတဲ့ ရွန်းနီ

တကယ်လို့ အဲ့ဒီ ကစားသမား အစုအဖွဲ့သာ နည်းပြဂွါဒီယိုလာလက်အောက်မှာ ကစားခွင့် ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဆုဖလားအားလုံးကို ရရှိနိုင်မယ်ဆိုတာ သံသယဖြစ်စရာ အကြောင်းမရှိပါဘူး ……

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တိုက်စစ်မှူးဟောင်းကြီး ဝိန်းရွန်းနီက မန်စီးတီးအသင်းရဲ့ လက်ရှိနည်းပြ ဂွါဒီယိုလာသာ သူပါဝင်ခဲ့တဲ့ အင်္ဂလန်ရွှေရောင်မျိုးဆက်ကို ကိုင်တွယ်ဖြစ်ခဲ့မယ်ဆိုရင် အောင်မြင်မှုရလိမ့်မယ်လို့ ဆိုခဲ့ပါတယ်။ အင်္ဂလန်အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်တစ်ဦးဖြစ်တဲ့ ရွန်းနီဟာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ပြိုင်ပွဲကြီး (၆) ခုကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရပေမယ့် အောင်မြင်မှု မယ်မယ်ရရမရှိခဲ့ဘဲ ကွာတားဖိုင်နယ်အဆင့်ကသာ အမြင့်ဆုံး အောင်မြင်မှုဖြစ်ခဲ့တာပါ။

နိုင်ငံတကာ ကစားသမားဘဝ ပွဲပေါင်း (၁၂၀) ကျော် ကစားပေးခဲ့တဲ့ ရွန်းနီဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပြည်ပနိုင်ငံခြားသားနည်းပြများဖြစ်တဲ့ အဲရစ်ဆင်၊ ကာပယ်လိုတို့နဲ့ လက်တွဲခဲ့ဖူးပြီး လက်ရှိအချိန်မှာတော့ အခုလိုပဲ စပိန်လူမျိုးနည်းပြ ဂွါဒီယိုလာနဲ့သာ လက်တွဲခွင့်ရရှိခဲ့မယ်ဆိုရင် နိုင်ငံတကာအောင်မြင်မှု ရရှိမယ်လို့ ယုံကြည်နေတာပါ။ ရွန်းနီက “လက်ရှိ အင်္ဂလန်လက်ရွေးစင်အသင်းကို ကြည့်လိုက်ရင် စိတ်လှုပ်ရှားစရာကောင်းပြီး သူတို့အနိုင်ရရှိနေတာကို မြင်ရတာ တကယ်ကို ပျော်စရာကောင်းပါတယ်။” လို့ဆိုလာပါတယ်။

ဒါပေမယ့် တစ်ချိန်က သူ့အသင်းရဲ့ အနေအထားနဲ့ ပတ်သက်လို့ကတော့ ရွန်းနီအတွက် စိတ်ပျက်စရာတွေ ရှိနေတဲ့ပုံပါပဲ။ အဲ့ဒီအချိန်က အင်္ဂလန်လက်ရွေးစင်အသင်းဟာ ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် ဂန္တဝင်ကစားသမားတွေနဲ့ စုဖွဲ့ထားခဲ့တာဖြစ်ပေမယ့် ကျရှုံးမှုတွေနဲ့ပဲ ရင်ဆိုင်ခဲ့ရတာပါ။ ဒီအတွက်လည်း ရွန်းနီက “လွန်ခဲ့တဲ့ (၁၀) နှစ်က ကျွန်တော်တို့ အသင်းကို ကြည့်လိုက်မယ်ဆိုရင် ကမ္ဘာ့ဘောလုံးလောကရဲ့ အကောင်းဆုံး အစုအဖွဲ့တစ်ခုကို ရှိခဲ့တာပါ။”

“ရီယိုဖာဒီနန်၊ ဂျွန်တယ်ရီ၊ အက်ရှ်လေကိုးလ်၊ စတီဗင်ဂျာရတ်၊ ပေါလ်စခိုးလ်၊ ဖရန့်လမ်းပတ်၊ ဒေးဗစ်ဘက်ခမ်း၊ ကျွန်တော် အပါအဝင် မိုက်ကယ်အိုဝင်တို့နဲ့ ကောင်းမွန်တဲ့ စုဖွဲ့မှု ရှိခဲ့တာပေ့ါ။ တကယ်လို့ အဲ့ဒီ ကစားသမား အစုအဖွဲ့သာ နည်းပြဂွါဒီယိုလာလက်အောက်မှာ ကစားခွင့် ရခဲ့မယ်ဆိုရင် ကျွန်တော်တို့ ဆုဖလားအားလုံးကို ရရှိနိုင်မယ်ဆိုတာ သံသယဖြစ်စရာ အကြောင်းမရှိပါဘူး။” လို့ဆိုသွားခဲ့တာပါ။ ရွန်းနီဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားခဲ့တဲ့တစ်လျှောက် အဲရစ်ဆင်၊ မက္ကလာရင်၊ ကာပယ်လို၊ ပီယာ့စ် (ယာယီ)၊ ရွိုင်းဟော့ဒ်ဆန်၊ ဆမ်အလာဒိုက်စ်၊ ဂါရတ်ဆောက်ဂိတ်တို့လို နည်းပြတွေ လက်အောက်မှာ ကစားခဲ့တာဖြစ်ပြီး သူ့ရဲ့ အခုလိုမျိုး အမေကျော်ပြီး ဒွေးတော်လွမ်းခဲ့တဲ့ ပြောကြားချက်က သူ့ရဲ့ လက်ရွေးစင်နည်းပြဟောင်းတွေအတွက် စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။