ဘာစီလိုနာနဲ့ ဂျူဗင်တပ်စ်ကို ငြင်းဆန်ပြီး ဆော်ပေါ်လိုကို သွားခဲ့တာလို့ ဆိုလိုက်တဲ့ ဒန်နီအဲလ်ဗက်စ်

ကျွန်တော် ဂျူဗင်တပ်စ်အသင်းကို ပြန်သွားဖို့ အခွင့်အရေးရခဲ့သလို ဘာစီလိုနာအသင်းကို ပြန်သွားဖို့အတွက်လည်း အခွင့်အရေးရရှိခဲ့ပါတယ် ……

အသက် (၃၆) နှစ်အရွယ်ရှိပြီဖြစ်သူ ဒန်နီအဲလ်ဗက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အသင်းဟောင်းတွေဖြစ်တဲ့ ဘာစီလိုနာ၊ ဂျူဗင်တပ်စ် အသင်းတို့ကို ငြင်းဆန်ပြီး ဘရာဇီးကလပ် ဆော်ပေါ်လိုအသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ (၂၀၁၉) ခုနှစ် ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ဘရာဇီးအသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြခဲ့တဲ့ ဒီကစားသမားကြီးကို ပြန်လည် ခေါ်ယူဖို့ အာဆင်နယ်၊ မန်စီးတီးတို့ အပါအဝင် အသင်းဟောင်း ဘာစီလိုနာ၊ ဂျူဗင်တပ်စ်အသင်းတို့ကပါ စိတ်ဝင်စားခဲ့တာပါ။

ဒါပေမယ့် ဒန်နီအဲလ်ဗက်စ်ကတော့ သူ့ရဲ့ မွေးရပ်မြေကလပ်အသင်းဖြစ်တဲ့ ဆော်ပေါ်လိုအသင်းကို (၃) နှစ် စာချုပ်နဲ့ ပြောင်းရွှေ့သွားခဲ့ပြီး လက်ရှိအချိန်မှာတော့ သူ့ရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဒန်နီအဲလ်ဗက်စ်က “ကျွန်တော် ဂျူဗင်တပ်စ်အသင်းကို ပြန်သွားဖို့ အခွင့်အရေးရခဲ့သလို ဘာစီလိုနာအသင်းကို ပြန်သွားဖို့အတွက်လည်း အခွင့်အရေးရရှိခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲ့ဒီအသင်းတွေကို ကျွန်တော်ကိုယ်တိုင် သွားချင်လို့ပါ။” လို့ဆိုပါတယ်။

ဆက်လက်ပြီးတော့လည်း ဒန်နီအဲလ်ဗက်စ်က “ဒါပေမယ့် ကျွန်တော်ဒါတွေကို ချက်ချင်း ဆုံးဖြတ်ချက် မချခဲ့ပါဘူး။ ဒီအသင်းက ကျွန်တော့်ကို ဘာတွေပေးနိုင်မလဲ။ ကျွန်တော့်ကို ပိုကောင်းတဲ့ ကစားသမားဖြစ်အောင် ဘာတွေ လုပ်ပေးနိုင်မလဲ။ နောက်ပြီးတော့ ဒီအသင်းမှာ ပရော်ဖက်ရှင်နယ်အရ ဘာတွေပိုကောင်းလာနိုင်မလဲ။ ဒါတွေကို ဆုံးဖြတ်ရမှာပေါ့။” ဆိုပြီးတော့လည်း ပြောကြားခဲ့ပါတယ်။ ကိုပါအမေရိကပြိုင်ပွဲမှာ ဘရာဇီးလက်ရွေးစင်အသင်းနဲ့ အတူ ပြိုင်ပွဲဝင်ခဲ့တာနဲ့ပတ်သက်လို့လည်း ဒန်နီအဲလ်ဗက်စ်က ဖွင့်ဟခဲ့ပါသေးတယ်။

“ကျွန်တော် လက်ရွေးစင်အသင်းနဲ့ ပူးပေါင်းတော့ အသင်းဖော်တွေကို “ငါ့အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဘာမှ မသိချင်ပါဘူး။ ငါအခု အသင်းလက်မဲ့ဖြစ်နေပေမယ့် ဘယ်အသင်းကို သွားရမလဲ စိတ်မဝင်စားပါဘူး။” လို့ ပြောခဲ့တာပါ။ ဘာဖြစ်လို့လဲ။ ကျွန်တော်က ဘရာဇီးအသင်းနဲ့အတူ ဒီမှာ ပုံစံကောင်းပြသနိုင်ဖို့ လိုအပ်ခဲ့ပြီး အဲ့ဒါဆိုရင် ကျွန်တော့်ကို လိုချင်တဲ့အသင်းတွေ ရှိလာမှာပါ။ လူတွေက ကျွန်တော့်ရဲ့ အရည်အသွေး၊ ကျွန်တော့်ရဲ့ အောင်မြင်မှုတွေကို မြင်လာနိုင်တာကြောင့် လက်ရှိအချိန်မှာ ဘာတွေဖြစ်နိုင်မလဲဆိုတာကိုပဲ ကျွန်တော် သိချင်ခဲ့ပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ဒန်နီအဲလ်ဗက်စ်ကလည်း ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ကိုပါအမေရိကပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ခဲ့ပြီး ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။