ကန်တီကို ရီးရဲယ်မက်ဒရစ်မှာ လာကစားဖို့ ဝိုင်းစည်းရုံးနေတဲ့ ဟာဇက်၊ ကော်တိုအာ တို့နဲ့အတူ အခြားသောနေ့လယ်ခင်းသတင်းတိုများ …..

၁။ ကန်တီကို ရီးရဲယ်မက်ဒရစ်မှာ လာကစားဖို့ ဝိုင်းစည်းရုံးနေတဲ့ ဟာဇက်နဲ့ ကော်တိုအာ
ရီးရဲယ်မက်ဒရစ်အသင်းမှာ ကစားနေတဲ့ ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ကော်တိုအာနဲ့ ဟာဇက်တို့နှစ်ဦးဟာ ကန်တီကို ရီးရဲယ်မက်ဒရစ်အသင်းမှာ လာကစားဖို့ စည်းရုံးနေကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်တွေမှာ ကော်တိုအာက ဟာဇက်ကို ရီးရဲယ်မက်ဒရစ်ပြောင်းဖို့ စည်းရုံးခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒီနှစ်ယောက်ပေါင်းပြီး ချဲလ်ဆီး ပရိသတ်တွေရဲ့ အချစ်တော် ကန်တီကို ချဲလ်ဆီးအသင်းက ထွက်ခွာဖို့ ဝိုင်းဝန်းတိုက်တွန်းနေကြတာပါ။

၂။ ရီဒင်းဂိုးသမားကို စောင့်ကြည့်နေတဲ့ ယူနိုက်တက်
ယူနိုက်တက်အသင်းဟာ ရီဒင်းအသင်းရဲ့ ဂိုးသမား ဘွိုက်စ်ကလက်ခ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေပါတယ်။ အသက် (၁၆) နှစ်အရွယ် ဒီဂိုးသမားကို ရီဒင်းအသင်းက ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုထားပြီးဖြစ်ပေမယ့် အင်္ဂလန်ယူ- ၁၇ အသင်းအတွက် လက်စွမ်းပြခဲ့တဲ့ ဒီကစားသမားကို ယူနိုက်တက်အသင်းက အနာဂတ်အတွက် စောင့်ကြည့်နေတာဖြစ်ပါတယ်။

၃။ ပေါင် (၆၃) သန်းရရင် ဘရူနိုဖာနန်ဒက်စ်ကို လက်လွှတ်ခံမယ့် စပို့တင်းလစ္စဘွန်း
ပေါ်တူဂီကလပ် စပို့တင်းလစ္စဘွန်းအသင်းဟာ သူတို့ရဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင် (၆၃) သန်း ရရှိမယ်ဆိုရင် လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာတင် ရောင်းချသွားမယ်လို့ သိရပါတယ်။ ဒီကစားသမားကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့မှာ ယူနိုက်တက်၊ စပါးတို့ အပြိုင်အဆိုင်ဖြစ်ခဲ့ပြီး နောက်ပိုင်းမှာ စပိန် နာမည်ကြီးကလပ် ရီးရဲယ်မက်ဒရစ်အသင်းလည်း ဘရူနိုဖာနန်ဒက်စ်ကို စိတ်ဝင်စားလာခဲ့တယ်လို့ သတင်းများက ဖော်ပြခဲ့ပါတယ်။

၄။ အပြောင်းအရွှေ့ကို တခြားလိဂ်တွေနဲ့ တစ်တန်းတည်းထားဖို့ တောင်းဆိုလာတဲ့ မန်စီးတီး
မန်စီးတီးအသင်းကလည်း ပရီးမီးယားလိဂ်ရဲ့ နွေရာသီအပြောင်းအရွှေ့ကို အခြားသော ထိပ်သီးလိဂ်များနဲ့ တစ်ချိန်တည်း ပိတ်သိမ်းဖို့ ဆန္ဒ ရှိလာပါတယ်။ ပရီးမီးယားလိဂ် တာဝန်ရှိသူတွေဟာ ရာသီသစ်မစခင်မှာပဲ အပြောင်းအရွှေ့ ကာလကို ပိတ်သိမ်းခဲ့ပေမယ့် ပရီးမီးယားလိဂ်ရဲ့ ကစားသမားတွေအနေနဲ့ အသင်းက ထွက်ခွာဖို့ အခွင့်အရေးရှိနေဆဲဖြစ်တာကြောင့် ဒီကိစ္စအပေါ် ကလပ်အသင်းအချို့က မမျှတဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။

၅။ လေဗာကူဆင်ကြယ်ပွင့်ကို စိတ်မဝင်စားဘူးဆိုတဲ့ လီဗာပူး
လီဗာပူးအသင်းဟာ လေဗာကူဆင်အသင်းရဲ့ ကြယ်ပွင့်ကစားသမား ကိုင်ဟာဗက်ဇ်ကို ခေါ်ယူဖို့ စိတ်မဝင်စားဘူးလို့ဆိုပါတယ်။ အသက် (၂၀) အရွယ် ဒီကစားသမားကို ခေါ်ယူဖို့ လီဗာပူးအသင်းက ရေရှည် စောင့်ကြည့်နေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ပေမယ့် လီဗာပူးအသင်းဘက်ကတော့ လာမယ့်အပြောင်းအရွှေ့တွေမှာ နာပိုလီအသင်းရဲ့ ကွင်းလယ်ကစားသမား ဖေဘီယန်ရုဇ်ကိုပဲ အာရုံစိုက်ခေါ်ယူဖွယ် ရှိနေပါတယ်။

၆။ ယူနိုက်တက်အသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာဖွယ်ရှိတဲ့ မာတစ်
ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား မာတစ်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ဒီဘောလုံးရာသီအပြီးမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာတော့မယ်လို့ သိရပါတယ်။ မာတစ်ဟာ လက်ရှိဘောလုံးရာသီအတွက် ယူနိုက်တက်အသင်းမှာ ပုံမှန်နေရာရနိုင်ဖွယ် မရှိတော့ဘဲ ဒီဆားဘီးယား ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့ အင်တာမီလန်၊ အေစီမီလန်အသင်းတို့က စောင့်ကြည့်လျက်ရှိပါတယ်။

၇။ အမ်ဘာပေကို လာမယ့်ဇန်နဝါရီလမှာတည်းက ကြိုးစားလာမယ့် ရီးရဲယ်မက်ဒရစ်
ရီးရဲယ်မက်ဒရစ်အသင်းဟာ PSG အသင်းရဲ့ တိုက်စစ်ကစားသမား အမ်ဘာပေကို ခေါ်ယူဖို့ လာမယ့် ဆောင်းရာသီမှာတည်းက ကြိုးစားလာဖွယ် ရှိနေပါတယ်။ ပြင်သစ်ကြယ်ပွင့်ကစားသမားဟာ တော်ဝင်မက်ဒရစ်အသင်းရဲ့ ကာလရှည်ပစ်မှတ် ကစားသမားဖြစ်ပြီး လာမယ့် နွေရာသီမှာ ခေါ်ယူဖို့ ကြိုးစားလာမယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အီတလီသတင်းစာရဲ့ ဖော်ပြချက်အရ အမ်ဘာပေအတွက် ရီးရဲယ်မက်ဒရစ်အသင်းက စောစောစီးစီးလှုပ်ရှားလာဖို့ ရှိနေတာပါ။

၈။ ဒဏ်ရာကပြန်လာပြီဖြစ်တဲ့ အာဆင်နယ်ရဲ့ နောက်ခံအစွန်လူနှစ်ယောက်
အာဆင်နယ်အသင်းရဲ့ နောက်ခံအစွန်လူနှစ်ယောက်ဖြစ်တဲ့ ဘယ်လာရင်နဲ့ တီယာနေးတို့ဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်း အပြည့်အဝ ဆင်းနေပြီလို့ ဆိုပါတယ်။ တီယာနေးဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှ ဆဲလ်တစ်အသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာကြောင့် အသင်းအတွက် တစ်ပွဲမှ မကစားရသေးသလို ဘယ်လာရင်ကလည်း ဒူးဒဏ်ရာကြောင့် ကာလရှည် အနားယူနေရတာပါ။