“အရည်အသွေးရှိ လူငယ်ကစားသမားထက်စာရင် ရော်နယ်ဒိုကိုပဲ နည်းပြချင်တယ်။” #အယ်လီဂရီ

သူ့ရဲ့ အဓိက အားသာချက်က စိတ်ပိုင်းဆိုင်ရာပါပဲ …..

ဂျူဗင်တပ်စ်အသင်းရဲ့ နည်းပြဟောင်း အယ်လီဂရီက ဂျူဗင်တပ်စ်အသင်းမှာ လက်တွဲခဲ့ဖူးတဲ့ ရော်နယ်ဒိုရဲ့ စိတ်ပိုင်းဆိုင်ရာကို ချီးကျူး ပြောကြားသွားခဲ့ပေမယ့် ဒီနှစ်မှာတော့ အင်တာမီလန်အသင်းကပဲ စီးရီးအေအမှတ်ပေးချန်ပီယံဆုကို ရယူသွားလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီပြီးဆုံးချိန်မှာ ဂျူဗင်တပ်စ်အသင်းနဲ့ လမ်းခွဲခဲ့တဲ့ အယ်လီဂရီဟာ တူရင်မြို့ခံကလပ်အသင်းနဲ့အတူ စီးရီးအေချန်ပီယံဆုကို ဆက်တိုက်ရရှိခဲ့ပြီး ရော်နယ်ဒိုကို ဂျူဗင်တပ်စ်အသင်းဆီ ခေါ်ယူခဲ့တဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။

ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဂျူဗင်တပ်စ်အသင်းအတွက် စီးရီးအေသွင်းဂိုး (၂၁) ဂိုးအပါအဝင် ပြိုင်ပွဲစုံသွင်းဂိုး (၂၈) ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ နောက်ဆုံး ကစားခဲ့တဲ့ နိုင်ငံတကာပွဲစဉ်မှာလည်း လစ်သူယေးနီးယားအသင်းကို ၁-၅ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပေါ်တူဂီအသင်းအတွက် တစ်ယောက်တည်း (၄) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပြီး ယူရို ခြေစစ်ပွဲသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားတစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါသေးတယ်။

ဒီလိုမျိုးရော်နယ်ဒိုနဲ့ ပတ်သက်လို့ အယ်လီဂရီက “သူ့ရဲ့ အဓိက အားသာချက်က စိတ်ပိုင်းဆိုင်ရာပါပဲ။ သူက အခု အသက် (၃၄) နှစ်ရှိနေပြီး အမှတ်ပေးချန်ပီယံဆုတွေ၊ ဥရောပချန်ပီယံဆုတွေနဲ့ ရွှေဘောလုံးဆုတွေကိုလည်း ရယူပြီးပါပြီ။ ဒါပေမယ့် လက်ရှိအချိန်အထိ သူက ပွဲအဖြေကို ပြောင်းလဲပေးနိုင်ဆဲဖြစ်ပြီး သူ့ကိုသူ အရေးပါတဲ့ ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်ခံရအောင်လည်း စွမ်းဆောင်နေပါသေးတယ်။” လို့ ချီးကျူးခဲ့တာပါ။ ရော်နယ်ဒိုရဲ့ နည်းစနစ်ပိုင်းနဲ့ ပတ်သက်ပြီးတော့လည်း “သူ့ရဲ့ နည်းစနစ်ပိုင်းက ထိပ်တန်းအဆင့်မှာ နှစ်ပေါင်းများစွာ ရပ်တည်နိုင်ဖို့အတွက် အဓိက နေရာက ရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ထပ် အရေးပါတဲ့အချက်က ဦးနှောက်နဲ့ ပရော်ဖက်ရှင်နယ် ပီသမှုပါ။ တကယ်လို့ ကျွန်တော့်အတွက် ရော်နယ်ဒိုကို နည်းပြမလား၊ အရည်အချင်းရှိတဲ့ လူငယ်ကစားသမားကို နည်းပြမလားဆိုရင်တော့ ရော်နယ်ဒိုကိုပဲ ရွေးချယ်မှာပါ။” ဆိုပြီးတော့ အယ်လီဂရီက ပြောကြားခဲ့ပါတယ်။

အင်တာမီလန်အသင်းရဲ့ လက်ရှိ အမှုဆောင်ချုပ် ဥက္ကဌဖြစ်သူ မာရော့တာဟာ ဂျူဗင်တပ်စ်အသင်းမှာ အယ်လီဂရီနဲ့အတူ လက်တွဲခဲ့ဖူးသူဖြစ်ပြီး ဒါနဲ့ ပတ်သက်လို့လည်း အယ်လီဂရီက “ဂျူဗင်တပ်စ်အသင်းမှာ မာရော့တာ ရှိချိန်မှာရော မရှိချိန်မှာရော ကျွန်တော်က ဆုဖလားတွေကို ရယူနိုင်ခဲ့ပါတယ်။ အခုအင်တာမီလန်အသင်းမှာလည်း သူက ကွန်တီနဲ့အတူ တောင့်တင်းတဲ့ အသင်းတစ်သင်းကို တည်ဆောက်နေပြီး ဒီနှစ် စီးရီးအေအမှတ်ပေးချန်ပီယံဆုကို အင်တာမီလန်အသင်း ရယူသွားနိုင်ပါတယ်။” ဆိုပြီး ပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ်။