ဒီဂီယာက ယူနိုက်တက်အတွက် အစားထိုးလို့မရတဲ့ ဂိုးသမား ဟုတ်လား၊ မဟုတ်ဘူးလား … ဗန်ဒါးဆားရဲ့အမြင်

တခြားဂိုးသမားတွေလည်း ဒီဂီယာရဲ့ ကွက်လပ်ကို ဖြည့်နိုင်ပါတယ် ….. 

ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ဂိုးသမားဟောင်းကြီး ဗန်ဒါးဆားက အသင်းရဲ့ လက်ရှိဂိုးသမား ဒီဂီယာဟာ အစားထိုးလို့ မရတဲ့ ဂိုးသမား မဟုတ်ဘူးလို့ဆိုလာပါတယ်။ လာမယ့် (၂၀၂၀) ခုနှစ် ဇွန်လမှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီဂီယာဟာ လက်ရှိအချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ အဆင်မပြေဖြစ်နေပြီး အသင်းနဲ့ အနာဂတ်မရေရာတော့တဲ့ ကစားသမားတစ်ဦးပါ။

(၂၀၁၁) ခုနှစ်မှာ စပိန် မက်ဒရစ်မြို့ခံကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဒီဂီယာဟာ သူ့ရဲ့ အံ့အားသင့်ဖွယ်ရာ လက်စွမ်းတွေနဲ့ အသင်းပရိသတ်တွေရဲ့ အချစ်တော်အဖြစ် ကာလရှည်ရှိခဲ့ပြီး တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုတွေကိုလည်း အမြဲတမ်းလိုလို ရရှိခဲ့ပါတယ်။ လက်ရှိအချိန်မှာ အေဂျက်စ်အသင်းရဲ့ အမှုဆောင်ချုပ်အဖြစ် ဆောင်ရွက်နေတဲ့ ဗန်ဒါးဆားဟာ ယူနိုက်တက် ကစားသမားဘဝမှာ ပရီးမီးယားလိဂ်ဖလား (၄) ကြိမ်၊ ချန်ပီယံလိဂ်ဖလား (၁) ကြိမ်တို့ကို ရယူနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ဒီဂီယာနဲ့ ပတ်သက်လို့ အခုလိုပဲ ဖွင့်ဟလာခဲ့တာပါ။

လက်ရှိအချိန်မှာ ယူနိုက်တက်အသင်းရဲ့ အားကစား ဒါရိုက်တာ ရာထူးအဖြစ် ရေပန်းစားနေတဲ့ ဗန်ဒါးဆားက “တခြားဂိုးသမားတွေလည်း ဒီဂီယာရဲ့ ကွက်လပ်ကို ဖြည့်နိုင်ပါတယ်။ ယူနိုက်တက်အသင်းလို အဆင့်အတန်းမျိုးမှာ ကစားနိုင်တဲ့ ဂိုးသမားမျိုးက သိပ်တော့မရှိပါဘူး။ ကျွန်တော်ယူနိုက်တက်ကို ရောက်တော့ အသက် (၃၄) နှစ်ဖြစ်နေပေမယ့် အဲ့ဒီအသင်းမှာ အခွင့်အရေးတွေ အများကြီးရခဲ့ပါတယ်။” လို့ဆိုလာပါတယ်။ ထပ်မံပြီးတော့လည်း “စာချုပ်သစ်ကိစ္စက ဆုံးဖြတ်ရမယ့် အချိန်ရောက်နေပြီး အချိန်လည်း တော်တော် ယူခဲ့ပြီးပါပြီ။ အဲ့ဒါကြောင့် အခု ရက်စ်လား၊ နိုးလား ဆုံးဖြတ်ရမယ့် အချိန်ပါ။ ဒါပေမယ့် ကျွန်တော်က ယူနိုက်တက်အသင်းရဲ့ ဒါရိုက်တာ မဟုတ်ပါဘူး။” လို့လည်း ဗန်ဒါးဆားက ဆိုပါတယ်။

ပြီးခဲ့တဲ့ (၂၀၁၈-၁၉) ခုနှစ် ဘောလုံးရာသီမှာ ဒီဂီယာဟာ မကြာခဏ အမှားအယွင်း ကျူးလွန်ခဲ့ပြီး သူ့ရဲ့ အမှားအယွင်းတွေကတစ်ဆင့် ဂိုးတွေလည်း ခွင့်ပြုခဲ့ရပါတယ်။ ဒီအပေါ်မှာ ဗန်ဒါးဆားက “အဲ့ဒီလိုဖြစ်ရပ်မျိုးက ကျွန်တော့်ဆီမှာရော၊ ရိုင်ယန်ဂစ်ဆီမှာရော၊ ပြီးတော့ လူတိုင်းလူတိုင်းမှာ ဖြစ်ခဲ့ဖူးပါတယ်။ ကိုယ့်ရဲ့ စွမ်းဆောင်ရည်က အမြဲတမ်း မတည်ငြိမ်ပါဘူး။ ဒီဂီယာက ထိပ်တန်းအဆင့်မှာ ကာလရှည် ရပ်တည်ခဲ့ပြီး တစ်ခါတလေတော့ ကိုယ့်စွမ်းဆောင်ရည်က ကျဆင်းတတ်တာကို သိထားရပါမယ်။ ဒါပေမယ့် လူတွေကတော့ ဒီအကြောင်းကို ဦးစားပေးပြောကြားလာပေမယ့် သူအဆင်ပြေမယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒီဂီယာက ထိပ်တန်းဂိုးသမားတစ်ယောက်ပါ။” ဆိုပြီး ပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ်။