နေမာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဖွင့်ဟဝန်ခံလိုက်တဲ့ မက်ဆီ

PSG လို အသင်းနဲ့ ညှိနှိုင်းဆွေးနွေးရတာက မလွယ်ကူဘူးဆိုတာတော့ အမှန်တကယ်ပါပဲ ……
ဘာစီလိုနာအသင်းခေါင်းဆောင်မက်ဆီက ကစားသမားဟောင်း နေမာတစ်ယောက် အသင်းကို ပြန်လာမယ့် ကိစ္စနဲ့ ပတ်သက်လို့ ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ ဘာစီလိုနာအသင်းအနေနဲ့ နေမာကို ပြန်လည်ခေါ်ယူဖို့ သတင်းများ ဆက်တိုက်ထွက်ပေါ်ခဲ့ပေမယ့် နေမာကို ခေါ်ယူဖို့ PSG အသင်းနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေက အပြောင်းအရွှေ့ ပိတ်သိမ်းသွားချိန်အထိ အဆင်မပြေခဲ့ပါဘူး။

ဒါပေမယ့် ဘာစီလိုနာအသင်းအနေနဲ့ လက်ရှိအချိန်အထိ နေမာကို ခေါ်ယူဖို့ လက်မလျှော့သေးဘဲ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ ခေါ်ယူနိုင်ဖို့ ဆွေးနွေးမှုများ ပြုလုပ်နေဆဲပါ။ နေမာဟာ လွန်ခဲ့တဲ့ (၂) နှစ်ကမှ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ယူရို (၂၂၂) သန်းနဲ့ PSG အသင်းကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် မက်ဆီက နေမာရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်လို့ မသိရှိရဘူးလို့ ပြောကြားခဲ့ပါတယ်။ SPORT သတင်းဌာနနဲ့ တွေ့ဆုံခန်းတစ်ခုမှာ မက်ဆီက “ဘာစီလိုနာအသင်းက နေမာကို ပြန်ခေါ်ဖို့အတွက် ဘာမဆို လုပ်သွားမလားဆိုတာကို ကျွန်တော် မသိပါဘူး။ ဒါပေမယ့် PSG လို အသင်းနဲ့ ညှိနှိုင်းဆွေးနွေးရတာက မလွယ်ကူဘူးဆိုတာတော့ အမှန်တကယ်ပါပဲ။” လို့ ဆိုပါတယ်။

နေမာနဲ့ပတ်သက်လို့လည်း မက်ဆီက “နေမာ ပြန်လာမယ်ဆိုရင် ကျွန်တော် ပျော်ရွှင်ကျေနပ်မိမှာပါ။ သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ကစားသမားတွေထဲက တစ်ယောက်ဖြစ်ပြီး လက်ရှိအနေအထားအရ တည်ငြိမ်မှု ရရှိအောင် ကြိုးစားရမှာပါ။” ဆိုပြီး ပြောကြားခဲ့ပါတယ်။ နေမာပြန်လာမှာကို ဘာစီလိုနာ ကစားသမားတွေ အလိုရှိနေတဲ့ အကြောင်းကို မကြာခဏထုတ်ဖော်ပြောကြားခဲ့ကြပေမယ့် မက်ဆီကတော့ “အဝတ်လဲခန်းထဲမှာ နေမာ ပြန်လာမယ့် အကြောင်းကို ကျွန်တော်တို့ မပြောဖြစ်ခဲ့ကြပါဘူး။ ကျွန်တော်တို့ရဲ့ စိတ်ကူးအမြင်ကိုပဲ ပြောကြတာဖြစ်ပြီး သူတို့ဘာပြောရမလဲ မပြောရဘူးလဲဆိုတာကို ကျွန်တော် အမိန့်ပေးနေမှာ မဟုတ်ပါဘူး။” လို့လည်း ဆိုပါတယ်။

နေမာဟာ လက်ရှိအချိန်မှာ PSG အသင်းနဲ့ စာချုပ်သက်တမ်း (၃) နှစ် ကျန်ရှိနေပြီး အသက် (၂၇) နှစ်အရွယ် ဘရာဇီး လက်ရွေးစင် ကစားသမားအနေနဲ့ ဒီဘောလုံးရာသီမှာ PSG အသင်းအတွက် ပါဝင်မကစားရသေးဘဲ အပြောင်းအရွှေ့ကိစ္စတွေအတွက် လုံးပမ်းနေခဲ့တာပါ။ PSG အသင်းဟာ လာမယ့်တစ်ပတ်မှာတော့ စထရာဘော့ အသင်းနဲ့ ရင်ဆိုင်ကစားရမှာဖြစ်ပြီး ကာဗာနီ၊ အမ်ဘာပေတို့ ဒဏ်ရာရရှိနေချိန်မှာ နေမာတစ်ယောက် PSG အသင်းအတွက် ပါဝင်ကစားပေးတော့မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။