မန်စီးတီး ဂန္တ၀င် နဲ့ ပရီးမီးယားလိဂ် အကောင်းဆုံးအသင်းတို့ ကစားခဲ့တဲ့ ကွန်ပနီ နူက်ဆက်ပွဲ မှ စကားအချို့

မန်စီးတီး အသင်းရဲ့ နောက်ခံလူဟောင်းတစ်ဦးဖြစ်သူ ကွန်ပနီ ဟာ လက်ရှိမှာ ဘယ်ဂျီယံကလပ် အန်ဒါလက်ခ်ျ အသင်းဆီကို ကစားသမား နည်းပြ အနေနဲ့ ရောက်ရှိနေခဲ့ပြီဖြစ်ပါတယ်။ မနေ့ကတော့ မန်စီးတီး ရဲ့ အီတီဟတ် ကွင်းမှာ ကွန်ပနီ နူက်ဆက်ပွဲအဖြစ် မန်စီးတီး ဂန္တ၀င်အသင်းနဲ့ ပရီးမီးယားလိဂ်အကောင်းဆုံးအသင်းတို့ ယှဉ်ပြိုင်ကစားသွားခဲ့ကြပါတယ်။ အဆိုပါပွဲကို ပရိတ်သတ် (၅) သောင်းကျော်လာရောက်ကြည့်ရှုခဲ့ကြပြီး ကွန်ပနီ ဟာ ဒီပွဲကနေရရှိတဲ့ ရံပုံငွေတွေကို အိမ်ယာမဲ့များအတွက် အထောက်အပံ့ပေးသွားမယ် လို့ သိရပါတယ်။

မန်စီးတီး ကစားသမားဟောင်းကတော့ သူ့အတွက်ပြုလုပ်ပေးခဲ့တဲ့ ပွဲမှာ ဒဏ်ရာပြသနာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ အစောပိုင်းတုန်းက ကွန်ပနီ ဟာ မန်စီးတီး ဂန္တ၀င်အသင်းမှာ ပါဝင်ကစားဖို့ စီစဉ်ထားပေမယ့် တံကောက်ကြောဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ ဒီပွဲမှာ တစ်ဖက် နှစ်ဂိုးစီ သရေရလာဒ် နဲ့ ပြီးဆုံးသွားခဲ့ပြီး ပရိတ်သတ်တွေကို ဖျော်ဖြေမူ ပေးသွားခဲ့ပါတယ်။ ကွန်ပနီက တော့ သူ့ရဲ့ နူက်ဆက်ပွဲကျင်းပပေးခဲ့တာနဲ့ ပက်သက်လို့ ‘ ကျွန်တော့် ဘ၀ရဲ့ အမှတ်ရစရာအကောင်းဆုံး နေ့တစ်နေ့ပါပဲ၊ ကျွန်တော် ကျေနပ်မိသလို ဂုဏ်လည်းယူမိပါတယ်၊ ဒီပွဲမှာ ဒဏ်ရာကြောင့် ကျွန်တော်မပါဝင်နိုင်ခဲ့ပေမယ့် အရာအားလုံး အဆင်ပြေပြေ နဲ့ကောင်းမွန်တဲ့ ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်၊ ဒီပွဲရဲ့ အဓိက အကြောင်းအရင်းကတော့ ရံပုံငွေတွေ များစွာရရှိဖို့ဖြစ်ပါတယ်၊ ဒီမြို့ရဲ့ လမ်းပေါ်တွေမှာ ရှိနေတဲ့ အိမ်ယာမဲ့တွေကို ကူညီထောက်ပံ့ပေးသွားမှာပါ၊ ပြီးတော့ ဒီစီမံကိန်းဟာ မန်ချက်စတာ ဒေသက အိမ်ယာမဲ့တွေကို ကူညီဖို့ ရည်ရွယ်ထားတာဖြစ်လို့ ယူနိုကတ်ကအသင်းမပါဝင်ပဲ မပြုလုပ်နိုင်ပါဘူး၊ ကျွန်တော်တို့ ဟာ မတူညီတဲ့ ကွဲပြားမူတွေရှိနေတယ်ဆိုပေမယ့် ဒီမြို့အတွက်ဆိုရင်တော့ အတူတူလုပ်ဆောင်ရမယ့် ကိစ္စတွေ ရှိနေပါတယ်  ’ လို့ပြောကြားသွားခဲ့ပါတယ်။

ဆက်လက်ပြီး ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး နောက်ခံလူတစ်ဦးကို ရွေးချယ်ခဲ့ရာမှာ လီဗာပူးအသင်းရဲ့ နောက်ခံလူ ဗန်ဒိုက်ခ်ျ ကို ရွေးချယ်ပေးသွားခဲ့ပါတယ်။ ကွန်ပနီ ဟာ သူ့ရဲ့ရွေးချယ်မူအတွက် အကောင်းဆုံးနောက်ခံလူ ဆိုတဲ့ အထဲရှိနေဆဲဖြစ်တဲ့ ဖာဒီနန် နဲ့ ဂျွန်တယ်ရီ တို့ကို ကျော်လွန်ပြီး ဗန်ဒိုက်ခ်ျ ကို ရွေးခဲ့တာလို့လည်း ပြောကြားသွားခဲ့ပါတယ်။

 

#ManCity #Kompany