လီဝန်ဒေါစကီးနဲ့ ပေါ့ဘာတို့ကို လိုချင်ခဲ့ပြီး အမ်ဘာပေကို ခေါ်ယူဖို့ ကြိုးစားမယ်လို့ ဝန်ခံလာတဲ့ ရီးရဲယ်မက်ဒရစ် ဥက္ကဌ

ကျွန်တော်တို့ အမ်ဘာပေကို နှစ်သက်တာ အမှန်ပေါ့။ နောက်ပြီး သူ့ကိုလည်း ကျွန်တော်တို့ ခေါ်ယူဖို့ ကြိုးစားသွားမှာပါ ……..

ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ဥက္ကဌဖြစ်သူ ဖလော်ရန်တီနို ပီရက်ဇ်က နာမည်ကျော် ကစားသမားများဖြစ်တဲ့ လီဝန်ဒေါစကီးနဲ့ ပေါ့ဘာတို့ကို လိုချင်ခဲ့တယ်လို့ ဖွင့်ဟဝန်ခံလာခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူးဖြစ်တဲ့ လီဝန်ဒေါစကီးကို ရီးရဲယ်မက်ဒရစ်အသင်းက သူတို့ရဲ့ ကျောနံပါတ် (၉) နေရာအတွက် မကြာခဏ ပစ်မှတ်ထားခဲ့ပြီး ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ပေါ့ဘာနဲ့လည်း လက်ရှိအချိန်အထိ သတင်းတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။

ဗုဒ္ဓဟူးနေ့က မီဒီယာတွေနဲ့ တွေ့ဆုံခန်းမှာ ပီရက်ဇ်က ဒီကိစ္စကို ဝန်ခံခဲ့ပြီး “သူတို့နှစ်ယောက်လုံးက ကျွန်တော်တို့ လိုချင်ခဲ့တဲ့ ကစားသမားတွေပါ။ ဒါပေမယ့် သက်ဆိုင်ရာကလပ်အသင်းတွေကလည်း သူတို့ကို ရောင်းချဖို့ မဟုတ်ပါဘူး။ လီဝန်ဒေါစကီးကို ကျွန်တော်တို့ နှစ်ပေါင်းများစွာ ချဉ်းကပ်ခဲ့ပေမယ့် ဘာမှဖြစ်မလာခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူ့ဆီမှာ စာချုပ်ပါလျော်ကြေးမရှိဘဲ ဘိုင်ယန်မြူးနစ်အသင်းကလည်း ဒီကစားသမားကို မရောင်းပါဘူး။” လို့ ဆိုပါတယ်။

ပေါ့ဘာရဲ့ အပြောင်းအရွှေ့ ကိစ္စနဲ့ ပတ်သက်လို့လည်း ပီရက်ဇ်က “ဒီကိစ္စကလည်း ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ကစားသမားတချို့ကို ရောင်းချပြီးရင်တော့ ပေါ့ဘာကို ခေါ်ယူနိုင်ဖို့ဖြစ်မှာပါ။” ဆိုပြီး ပြောကြားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းဟာ လက်ရှိအချိန်မှာလည်း PSG အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး အမ်ဘာပေကို ခေါ်ယူဖို့အတွက်လည်း သတင်းများထွက်ပေါ်နေပြီး ဒီကစားသမားနဲ့ ပတ်သက်လို့ ချီးကျူးပြောကြားခဲ့သလို အမ်ဘာပေကို ခေါ်ယူဖို့အတွက်လည်း ကြိုးစားသွားမယ်လို့ ပီရက်ဇ်က ပြောကြားခဲ့ပါတယ်။

ပီရက်ဇ်က “ကျွန်တော်တို့ အမ်ဘာပေကို နှစ်သက်တာ အမှန်ပေါ့။ နောက်ပြီး သူ့ကိုလည်း ကျွန်တော်တို့ ခေါ်ယူဖို့ ကြိုးစားသွားမှာပါ။” ဆိုပြီးတော့လည်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ကစားသမားအပြောင်းအရွှေ့အတွက် ယူရိုသန်း (၃၀၀) ကျော်အသုံးပြုခဲ့ပြီး ဟာဇက်၊ ယိုဗစ်၊ မန်ဒီ၊ မီလီတာအိုတို့လို အရည်အသွေးရှိကစားသမားတွေကို ခေါ်ယူခဲ့ပေမယ့် လာမယ့်ရာသီမှာလည်း သူတို့ရဲ့ ကာလရှည်ပစ်မှတ်ဖြစ်တဲ့ အမ်ဘာပေကို ခေါ်ယူဖို့ ထပ်မံကြိုးစားသွားဦးမှာပါ။ ရီးရဲယ်မက်ဒရစ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ နေမာကို ခေါ်ယူဖို့လည်း စိတ်ဝင်စားခဲ့ပေမယ့် အနာဂတ်မှာ အမ်ဘာပေကို ခေါ်ယူဖို့ကိစ္စမှာ အနှောင့်အယှက်ဖြစ်မှာ စိုးရိမ်လို့ လက်လျှော့ခဲ့တယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ပါတယ်။