နိုင်ငံတကာသွင်းဂိုးနဲ့ဖန်တီးမှု ပျမ်းမျှနှုန်းမှာ ရော်နယ်ဒိုထက် အသာရနေတဲ့ မက်ဆီ

ဘယ်တော့မှမရိုးနိုင်တဲ့ ပြိုင်ဆိုင်မှုတစ်ခုဖြစ်တဲ့ မက်ဆီ နဲ့ ရော်နယ်ဒိုတို့ရဲ့ အားပြိုင်မှုတွေမှာ မက်ဆီက နောက်ထပ်အချက်တစ်ချက်အသာစီးရရှိခဲ့မှု ထွက်ပေါ်လာခဲ့ပြန်ပါပြီ။ လစ်သူရေးနီးယားနဲ့ပွဲမှာ ပေါ်တူဂီအတွက် ၄ဂိုးသွင်းပေးပြီး နိုင်ငံတကာသွင်းဂိုး ၉၃ ဂိုးအထိ ရရှီခဲ့ပေမယ့်လည်း ရော်နယ်ဒိုဟာ မက်ဆီကို ပျမ်းမျှယှဉ်ပြိုင်မှုမှာ အရေးနိမ့်နေဆဲဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်ပြိုင်ဆိုင်မှုမှာ ရော်နယ်ဒိုက ဆုဖလားအောင်မြင်မှုအရ အသာစီးရရှိထားပေမယ့်လည်း သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုကို ပျမ်းမျှတွက်ချက်မှုမှာတော့ မက်ဆီက အသာစီးရရှိခဲ့တာဖြစ်ပါတယ်။ ရော်နယ်ဒိုကတော့ ပေါ်တူဂီအတွက် ယူရိုဖလားနဲ့ နေးရှင်းလိဂ်ဖလားတို့ကို ဆွတ်ခူးပေးထားပြီး မက်ဆီကတော့ ကမ္ဘာ့ဖလားနဲ့ ကိုပါအမေရိကဖလား (၃)ကြိမ်မှာ ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒါပေမယ့်လည်း ရော်နယ်ဒိုက နိုင်ငံတကာပွဲ ၁၆၀ ကစားပေးအပြီးမှာ ၉၃ ဂိုးသွင်းပြီး ၃၇ ကြိမ် ဂိုးဖန်တီးပေးထားခဲ့ကာ တစ်ပွဲကို သွင်းဂိုးပါဝင်ပတ်သက်မှု ပျမ်းမျှ ၀.၈၁ဂိုးသာ ရှိခဲ့ပါတယ်။ မက်ဆီကတော့ ၁၃၆ ပွဲကစားပေးထားပြီး သွင်းဂိုး ၆၈ ဂိုး နဲ့ ဂိုးဖန်တီးမှု ၄၄ကြိမ်ပြုလုပ်ပေးထားကာ တစ်ပွဲကို ပျမ်းမျှ ၀.၈၂ဂိုး ပါဝင်ပတ်သက်မှုရှိနေခဲ့ပြီး ရော်နယ်ဒိုထက် မဆိုသလောက်လေး အသာရရှိနေခဲ့တာဖြစ်ပါတယ်။

ဒါဟာ ရော်နယ်ဒိုခြေစွမ်းပြနေချိန်မှာ မက်ဆီအပေါ် လှောင်ပြောင်မှုတွေ ရှိနေတဲ့အပေါ်မှာ ပြန်လည်ပြီးတော့ တုံ့ပြန်ချင်စရာကောင်းတဲ့ မှတ်တမ်းတစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုင်ငံတကာသွင်းဂိုးပိုင်ဆိုင်မှုမှာတော့ မက်ဆီက ရော်နယ်ဒိုထက် သွင်းဂိုးပေါင်း ၃ဝနီးပါးခန့်လျော့နည်းနေခဲ့ပြီး အမီလိုက်နိုင်ဖို့ တော်တော်လေးကြိုးစားရဦးမှာဖြစ်ပါတယ်။