ရေရှည်မှာ ရော်နယ်ဒို၊ မက်ဆီတို့လို ဖြစ်ဖို့ ရည်ရွယ်ထားတဲ့ စတာလင်

သွင်းဂိုးတွေကို ဆက်လက်ဆာလောင်နေဦးမှာဖြစ်ပြီး ထိပ်တန်းအဆင့်ကို ရောက်ရှိအောင် ကြိုးစားမယ်ဆိုတာ သေချာပါတယ် …..

အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ တောင်ပံကစားသမားဖြစ်သူ စတာလင်က သူ့အနေနဲ့ လက်ရှိအချိန်မှာ ကစားသမားဘဝရဲ့ အတောက်ပဆုံး အချိန်ကို ဖြတ်သန်းနေရပေမယ့် ရော်နယ်ဒို၊ မက်ဆီတို့နဲ့ နှိုင်းယှဉ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ ကိုဆိုဗိုအသင်းနဲ့ ယူရို- ၂၀၂၀ ခြေစစ်ပွဲမှာ စတာလင်က ခြေစွမ်းပြ ကစားခဲ့ပြီး (၁) ဂိုးသွင်း၊ ဂိုးဖန်တီးမှု (၃) ကြိမ်အထိ ပြုလုပ်ပေးနိုင်ခဲ့ပြီး လက်ရှိ (၂၀၁၉-၂၀) ခုနှစ် ဘောလုံးရာသီမှာ ကလပ်အသင်းနဲ့ နိုင်ငံအသင်းအတွက် သွင်းဂိုး (၈) ဂိုးအထိ သွင်းယူပြီးဖြစ်ပါတယ်။

အသက် (၂၄) နှစ်အရွယ် ဒီတောင်ပံကစားသမားဟာ နောက်ဆုံး ပရီးမီးယားလိဂ် (၂) ရာသီဆက်တိုက် (၃၅) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် သူ့ရဲ့ လက်ရှိခြေစွမ်းက ရော်နယ်ဒို၊ မက်ဆီတို့ကို လိုက်မှီဖို့ မဖြစ်နိုင်သေးဘူးလို့လည်း ဝန်ခံခဲ့ပါတယ်။ စတာလင်က “လူတွေအားလုံး အမှတ်ရနေမှာက ဒီကစားသမားနှစ်ယောက်ရဲ့ စွမ်းဆောင်ရည်က နှစ်နှစ်၊ သုံးနှစ်လောက်နဲ့ ရပ်တန့်သွားခဲ့တဲ့အရာတွေ မဟုတ်ပါဘူး။ သူတို့က တစ်ရာသီပြီးရင် နောက်တစ်ရာသီမှာ အကောင်းဆုံး ပုံစံတွေကို ပြသခဲ့ကြပြီး ကစားသမားဘဝ တစ်လျှောက် တည်ငြိမ်တဲ့ ခြေစွမ်းကို ပြသခဲ့တာပါ။” လို့ ဆိုပါတယ်။

ဒါပေမယ့် စတာလင်က ရော်နယ်ဒို၊ မက်ဆီတို့ကို လိုက်မှီအောင် ကြိုးစားသွားမယ့် အကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။ စတာလင်က “အခုရာသီက ကျွန်တော့် ကစားသမားဘဝမှာ တတိယမြောက် အကောင်းဆုံး ရာသီပါ။ ကျွန်တော် ဒီအတိုင်း ဆက်လက်တိုးတက်နေမယ်ဆိုတာ သေချာပေါက် ပြောနိုင်ပြီး ကျွန်တော့်ကို ကျွန်တော် ယုံကြည်မှု အပြည့်ရှိပါတယ်။ ကျွန်တော်လည်း ဂိုးတွေသွင်းနိုင်တယ်ဆိုပေမယ့် ရော်နယ်ဒိုနဲ့ မက်ဆီက ကျွန်တော်ငယ်ငယ်တည်းက ဂိုးတွေသွင်းလာကြတာပါ။ သွင်းဂိုးတွေကို ဆက်လက်ဆာလောင်နေဦးမှာဖြစ်ပြီး ထိပ်တန်းအဆင့်ကို ရောက်ရှိအောင် ကြိုးစားမယ်ဆိုတာ သေချာပါတယ်။” လို့ဆိုပါတယ်။

စတာလင်ဟာ ပြီးခဲ့တဲ့အောက်တိုဘာလက ကစားခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ စပိန်အသင်းတို့ရဲ့ ပွဲစဉ်မှာ (၂) ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်ပိုင်း လက်ရှိအချိန်မှာတော့ လက်ရွေးစင်သွင်းဂိုး (၁၀) ဂိုးအထိ ရှိလာခဲ့ပါပြီ။ ဒါနဲ့ပတ်သက်လို့လည်း စတာလင်က “ကျွန်တော် အင်္ဂလန်လက်ရွေးစင် အင်္ကျီကို စပြီး ဝတ်လိုက်တဲ့ အချိန်ကစလို့ ကိန်းဂဏန်းအချက်အလက်တွေကို သိပ်ပြီး မကြည့်တော့ပါဘူး။ ကျွန်တော်က ဂိုးတွေသွင်းနိုင်ဖို့ ကိုယ့်ကိုကိုယ် ဖိအားပေးနိုင်ခဲ့ချိန်မှာ အရမ်းကို ဆိုးရွားတဲ့ အချိန်ကာလတွေကို ဖြတ်သန်းခဲ့ရပါတယ်။ ဒါပေမယ့် တစ်ဂိုးသွင်းလိုက်ပြီဆိုတာနဲ့ နောက်ထပ် ဂိုးတွေထပ်ရလာမှာကို ကျွန်တော်သိထားပြီး အဲ့ဒီအချိန်ကာလတွေကို ကျွန်တော် စောင့်ဆိုင်းခဲ့ရတာပေါ့။ စပိန်မှာ ကျွန်တော် နှစ်ဂိုးသွင်းလိုက်ချိန်မှာတော့ ဒီအချိန်ရောက်ပြီဆိုတာ ကျွန်တော်သိလိုက်ပြီး ဂိုးတွေဆက်သွင်းတော့တာပါပဲ။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့တယ်လို့လည်း သိရှိရပါတယ်။