စီးရီးအေက ဘယ်ကစားသမားထက်မဆို လုပ်ခလစာ (၃) ဆ ပိုမိုရရှိနေတဲ့ ရော်နယ်ဒို

အနီးစပ်ဆုံးအနေနဲ့ အသင်းဖော် ဒီလစ်ဂ်ရရှိနေတဲ့ အပိုဆုကြေးမပါဝင်သေးဘဲ တစ်နှစ်လုပ်ခ ပေါင် (၇.၂) သန်းထက် (၃) ဆအထိ ပိုမိုများပြားနေတယ် ….

ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး ရော်နယ်ဒိုဟာ အခွန်ဆောင်ပြီး တစ်နှစ်လုပ်ခ ပေါင် (၂၈) သန်းအထိ ရရှိနေတာကြောင့် စီးရီးအေရဲ့ လုပ်ခလစာ အများဆုံး ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပြီး အနီးစပ်ဆုံးအနေနဲ့ အသင်းဖော် ဒီလစ်ဂ်ရရှိနေတဲ့ အပိုဆုကြေးမပါဝင်သေးဘဲ တစ်နှစ်လုပ်ခ ပေါင် (၇.၂) သန်းထက် (၃) ဆအထိ ပိုမိုများပြားနေတယ်လို့ သိရှိရပါတယ်။

ဒီလစ်ဂ်ရဲ့နောက်မှာတော့ ဂျူဗင်တပ်စ်အသင်းဖော်တွေပဲဖြစ်တဲ့ ဒီဘားလားနဲ့ ဟီဂွါအင်တို့ ရှိနေပြီး ယူနိုက်တက်အသင်းကနေ အင်တာမီလန်အသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး လူကာကူကတော့ တစ်နှစ်လုပ်ခ ပေါင် (၆.၇) သန်းနဲ့ စီးရီးအေရဲ့ လုပ်ခလစာအများဆုံး ကစားသမား စာရင်းထဲမှာ ပါဝင်နေတာ ဖြစ်ပါတယ်။ လက်ရှိစီးရီးအေရဲ့ တစ်နှစ်လုပ်ခ အများဆုံး ကစားသမား (၁၀) ဦးစာရင်းမှာ ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမား (၉) ဦးအထိ ပါဝင်နေခဲ့ပြီး (၈) နှစ်ဆက် စီးရီးအေချန်ပီယံအသင်းအနေနဲ့ ကစားသမားတွေရဲ့ လုပ်ခအတွက် ပေါင် (၂၆၄) သန်းအထိ ပေးချေနေရတာပါ။

နောက်ထပ် ဂျူဗင်တပ်စ်အသင်းရဲ့ ကစားသမားတစ်ဦးအဖြစ် အာဆင်နယ်အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်ကစားသမား ရမ်ဆေးက တစ်နှစ်လုပ်ခ ပေါင် (၆.၃) သန်း ရရှိနေပြီး ရာဘီယူကလည်း အပိုဆုကြေး မပါဝင်သေးဘဲ ရမ်ဆေးနဲ့ တန်းတူ လုပ်ခလစာကို ရရှိနေတယ်လို့ သိရပါတယ်။ ဒီလိုမျိုး နာမည်ကျော် ကစားသမားတွေ ရောက်ရှိလာတာက ဂျူဗင်တပ်စ်အသင်းမှာ အရင်က လုပ်ခလစာအများအပြား ရရှိနေတဲ့ စီနီယာကစားသမားတွေအပေါ် အကျိုးသက်ရောက်မှု ရှိခဲ့တာပါ။

ဒီဘားလား၊ ဟီဂွါအင်၊ ပီယာနစ်၊ ဒေါက်ဂလပ်စ်ကော်စတာ၊ မန်ဇူကစ်၊ ခီဒီရာတို့လို နာမည်ကျော် ကစားသမားတွေဟာ အီတလီရဲ့ လုပ်ခလစာအများဆုံး ကစားသမားစာရင်းမှ ဖယ်ရှားခံခဲ့ရပြီး ထိပ်သီး (၁၀) ယောက် အပြင်ဘက်မှာတော့ မီလန်မြို့ခံကလပ် အေစီမီလန်အသင်းရဲ့ ဂိုးသမား ဒွန်နာရမ်မာက ပေါင် (၅.၄) သန်း ရရှိနေကာ နာပိုလီနောက်ခံလူ ကူလီဘလီကလည်း ဒွန်နာရမ်မာ နည်းတူ တစ်နှစ်လုပ်ခ ပေါင် (၅.၄) သန်း ရရှိနေပါတယ်။