“ဆန်ချိုကိုယ်တိုင်က ယူနိုက်တက်ကို ငြင်းဆန်ခဲ့တာပါ။” လို့ သေချာပေါက်အတည်ပြုပေးသွားတဲ့ ဒေါ့မွန်အားကစား ဒါရိုက်တာ

ပိုက်ဆံ ဘယ်လောက်ပေးပေး ကျွန်တော်တို့ဘက်က ဆန်ချိုကို လာမယ့်နွေရာသီမှာ ရောင်းချသွားမှာ မဟုတ်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ စိတ်ကူးမရှိခဲ့ပါဘူး …..

ဂျာမန်ကလပ် ဒေါ့မွန်အသင်းရဲ့ အားကစားဒါရိုက်တာ မိုက်ကယ်ဇော့က ဒီနှစ်အစောပိုင်းမှာ ယူနိုက်တက်တို့ ဆန်ချိုကို ချဉ်းကပ်ခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်လို့ ကလပ်အသင်းဘက်ရော၊ ကစားသမားဘက်ကပါ ယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆောင်းရာသီ အပြောင်းအရွှေ့မှာတည်းက ယူနိုက်တက်အသင်းဟာ အင်္ဂလန်လူငယ်ကြယ်ပွင့် ဆန်ချိုကို စိတ်ဝင်တစားချဉ်းကပ်ခဲ့တာဖြစ်ပြီး အသက် (၁၉) နှစ်အရွယ် ဆန်ချိုကို ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ အရခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သတင်းများလည်း ထွက်ပေါ်ခဲ့တာပါ။

မန်စီးတီးအသင်းရဲ့ အကယ်ဒမီထွက် ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဆန်ချိုဟာ ဒေါ့မွန်အသင်းကို စတင်ရောက်ရှိခဲ့တဲ့ ဘောလုံးရာသီမှာပဲ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြသနိုင်ခဲ့ပြီး ယူနိုက်တက်အသင်းက သူတို့ရဲ့ လိုအပ်နေတဲ့ ညာတောင်ပံတိုက်စစ်အတွက် ဆန်ချိုကို အသည်းအသန် လိုအပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဒေါ့မွန်အသင်းဘက်က ဆန်ချိုကို လက်လွှတ်ခံဖို့ စိတ်ကူးမရှိခဲ့သလို ကစားသမားကိုယ်တိုင်ကလည်း ချန်ပီယံလိဂ် ကစားခွင့် မရတဲ့ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိတာကြောင့် အပြောင်းအရွှေ့က ရပ်တန့်ခဲ့ရတယ်လို့ သတင်းတွေကဆိုပါတယ်။

ယူနိုက်တက်အသင်းဟာ ဆန်ချိုကို ဆယ်ကျော်သက်တစ်ယောက်အတွက် စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်တဲ့ ပေါင်သန်း (၁၀၀) အထိ ပေးချေဖို့ အဆင်သင့်ရှိခဲ့ပေမယ့် အပြောင်းအရွှေ့က မဖြစ်မြောက်ခဲ့ပါဘူး။ ဒါပေမယ့် ယူနိုက်တက်အသင်းက ဆန်ချိုကို လက်ရှိအချိန်အထိ လက်လျှော့ဟန်မရှိသေးဘဲ လာမယ့်နွေရာသီမှာလည်း ထပ်မံ ကမ်းလှမ်းလာမယ်လို့  သတင်းတွေ ထွက်ပေါ်နေဆဲပါ။ ဒါပေမယ့် မိုက်ကယ်ဇော့ကတော့ “လက်ရှိ သတင်းစာတွေပေါ်မှာ ဆန်ချိုနဲ့ ယူနိုက်တက်အကြောင်းက နေရာယူထားပါတယ်။”

“ဒါပေမယ့် သူနဲ့ ကလပ်အသင်းနဲ့ရော၊ ကျွန်တော်နဲ့ရော ဆွေးနွေးခဲ့တဲ့ ကိစ္စတွေက ကြားထဲမှာ အကြံပေးရှေ့နေတွေနဲ့ဖြစ်ပြီး ယူနိုက်တက်အသင်းကလည်း သူတို့ရဲ့ အကြံပေးနဲ့သူတို့ ဆွေးနွေးခဲ့ပါတယ်။” လို့ ဆန်ချိုရဲ့ ကိစ္စကို ပြောပြလာပါတယ်။ ဒေါ့မွန်အသင်းကရော၊ ဆန်ချိုကပါ ယူနိုက်တက်ကို ငြင်းဆန်ခဲ့တာနဲ့ ပတ်သက်လို့ “ကျွန်တော်သိရသလောက်တော့ ယူနိုက်တက်အသင်း ပိုက်ဆံ ဘယ်လောက်ပေးပေး ကျွန်တော်တို့ဘက်က ဆန်ချိုကို လာမယ့်နွေရာသီမှာ ရောင်းချသွားမှာ မဟုတ်သလို ကစားသမားကိုယ်တိုင်ကလည်း အသင်းပြောင်းဖို့ စိတ်ကူးမရှိခဲ့ပါဘူး။” လို့ မိုက်ကယ်ဇော့က ဆိုပါတယ်။ ဆန်ချိုဟာ လက်ရှိအချိန်မှာတော့ ဒေါ့မွန်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့ပြီဖြစ်ပြီး ချန်ပီယံလိဂ်ဝင်ခွင့်အတွက်တောင် အနိုင်နိုင်ဖြစ်နေတဲ့ ယူနိုက်တက်အသင်းအနေနဲ့ ဆန်ချိုလို ကစားသမားမျိုးကို ရဖို့ လတ်တလော အနေအထားအရ ခက်ခဲနေဦးမယ်လို့ ဆိုရမှာပါ။