မန်ယူရဲ့အတွင်းပိုင်းပြသနာများစွာရှိတာကြောင့် ဖာဂူဆန်ဆီကအကူညီတောင်းခံနေရတဲ့ ဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ အဂါင်္နေ့မှာတော့ ရာသီကြိုခြေစမ်းပွဲတွေ ကစားဖို့အတွက် သြစတေးလျ နိုင်ငံကိုရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ယခုနှစ်နွေရာသီအပြောင်းအရွေ့မှာတော့ ယူနိုက်တက်အသင်းဟာ အဓိက ကစားသမားတွေ ထွက်ခွာဖို့ အရေးနဲ့ကြုံတွေ့နေရတာဖြစ်ပါတယ်။ အသင်းရဲ့ဂိုးသမားဖြစ်သူ ဒီဂီယာကလည်း အစောပိုင်းတုန်းက ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွေ့ဖို့ ပြုလုပ်နေခဲ့ပြီး နောက်ပိုင်းမှာတော့ အသင်းမပြောင်းစေချင်ရင် မန်ယူအနေနဲ့သူ့ကို လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ ဆိုးလ်ရှားကတော့ ဒီဂီယာ ကိုအသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ပြောကြားခဲ့ပေမယ့် အသင်းကတော့ ဒီဂီယာတောင်းတဲ့ လစာတစ်ရပ်နဲ့ စာချုပ်သစ်ကိုကမ်းလှမ်းခြင်းမရှိသေးပါဘူး။

ဒါ့အပြင် ကွင်းလယ်ကစားသမား ပေါ့ဘာ ကလည်း ဒီနှစ်မှာ ယူနိုက်တက်ကနေထွက်ခွာတော့မယ်လို့ အတိအလင်းပြောကြားထားပြီး သူ့ကိုခေါ်ယူဖို့ ရီးရဲလ် နဲ့ အသင်းဟောင်းဂျူဗီတပ်တို့ကစိတ်ဝင်စားနေပါတယ်။ အဆိုပါပြင်သစ်သားကို ဆိုးလ်ရှားကအသင်းမှာ ဆက်လက်ထိန်းသိမ်းလိုပေမယ့် အသင်းတာဝန်ရှိသူတွေကတော့ မြင့်မားတဲ့ပြောင်းရွေ့ကြေးတစ်ရပ်ကို ရရှိခဲ့ပါက ရောင်းချသွားဖို့ စီစဉ်နေပြန်ပါတယ်။ ပေါ့ဘာ ကိုယ်တိုင်ကလည်း အသင်းပြောင်းချင်နေပြီး သူ့ရဲ့အေဂျင့်ဖြစ်သူ ရွိုင်အိုလာကလည်း ပေါ့ဘာအပြောင်းအရွေ့အမြန်ဆုံးဖြစ်နိုင်အောင် နောက်ကွယ်မှာကြိုးစားပေးနေတယ်လို့ သိရပါတယ်။ ပေါ့ဘာ ရဲ့အပြောင်းအရွေ့နဲ့ပက်သက်လို့ ‘ ပေါလ် ကို သူ့ရဲ့အေဂျင့်စကားတွေနားမယောင်ဖို့ကျနော်ပြောပြချင်ပါတယ်၊ ကစားသမားရဲ့ ကောလဟလဆိုတာက ဒီလိုအချိန်မှာထွက်နေကြဖြစ်ပါတယ်၊ ပေါလ် ဟာ အလုပ်ကိုကြိုးစားတဲ့လူတစ်ယောက်ဖြစ်ပြီး သူနဲ့လည်း စာချုပ်သက်တမ်းအနည်းငယ်ကျန်ရှိနေပါသေးတယ် ’ ဆိုပြီး ကစားသမားကိုထိန်းသိမ်းချင်ကြောင်း ပြသခဲ့ပါတယ်။

ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့လေ့ကျင့်ခန်းပြုလုပ်တဲ့ ဗီဒီယိုဖိုင်တစ်ခုမှာတော့ ပေါ့ဘာ ဟာ အသင်းဖော် လင်ဂတ်နဲ့ အချင်းများနေခဲ့ပြီး လင်ဒီဂတ် က၀င်ရောက်ဖြန်ဖြေခဲ့ရပုံကိုတွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် ပေါ့ဘာ ဟာ အသင်းပြောင်းဖို့အတွက် ယူနိုက်တက်ကိုဆန့်ကျင်နေပြီလားလို့ ဝေဖန်သူတွေကသုံးသပ်ခဲ့ကြပါတယ်။ တိုက်စစ်မှူး လူကာကူကလည်း စီးရီးအေကိုပြောင်းကစားချင်နေတယ်လို့ ဆိုထားပြီး ဘယ်ဂျီယံ သားကို အင်တာမီလန်နည်းပြ ကွန်တီ ကခေါ်ယူဖို့ စိတ်ဝင်စားနေတာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ အခုချိန်ထိပယ်ချနေဆဲဖြစ်ပြီး ပြောင်းရွေ့ကြေးအနေနဲ့တော့ ယူရို (၇၅) သန်းသတ်မှတ်ထားပါတယ်။ အင်တာအသင်းဟာ လူကာကူအတွက်မြင့်မားတဲ့ ပြောင်းရွေ့ကြေးတစ်ရပ်ကိုပေးချေလိုခြင်းမရှိပဲ ပြောင်းရွေ့ကြေးအနည်းငယ်နဲ့ ကစားသမားအလိုက်ပေးကမ်းလှမ်းထားခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါပြသနာတွေကြောင့် နည်းပြသက်တမ်းအနည်းငယ်သာရှိသေးတဲ့ ဆိုးလ်ရှားဟာ အသင်းပြသနာကိုထိန်းချုပ်ဖို့ နည်းပြကြီး ဖာဂူဆန် ရဲ့ အကူညီကိုတောင်းခံနေရတယ်လို့ သိရပါတယ်။ ဖာဂူဆန်ဟာ ယူနိုက်တက်ကို (၂၅) နှစ်ကြာနည်းပြခဲ့သူတစ်ဦးဖြစ်ပြီး အသင်းရဲ့ပွဲစဉ်တွေကို လိုက်ပါကြည့်ရှုနေပြီး နည်းပြဆိုးလ်ရှား ကိုလည်း ယူနိုက်တက်မှာ နည်းပြဖို့အတွက် ထောက်ခံပေးခဲ့သူတစ်ဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် ဖာဂူဆန်ဟာ အခုချိန်ထိ ဆိုးလ်ရှားရဲ့ အသင်းအတွင်းပိုင်းပြသနာတွေကို နောက်ကွယ်မှာအကူညီပေးနေတာဖြစ်ပါတယ်။ ဖာဂူဆန် ဟာ ယူနိုက်တက်မှာရှိစဉ်က ပေါ့ဘာ ကို ဂျူဗီတပ် အသင်းထံရောင်းချခဲ့ဖူးပြီး လက်ရှိပေါ့ဘာရဲ့အေဂျင့်ဖြစ်သူ ရွိုင်အိုလာ ကိုလည်း လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့ဖူးပါတယ်။ ဒါ့အပြင် နည်းပြရဲ့လုပ်ငန်းစဉ်တွေအပေါ်လိုက်ပါခြယ်လှယ်နေတဲ့ အသင်းဒါရိုက်တာ အက်ဝုဒ် ကိုလည်း စီးပွားရေးကလွဲပြီး ဘောလုံးအကြောင်းနဲ့ ယူနိုက်တက်အကြောင်းကို သေချာစွာနားမလည်သေးတဲ့လူတစ်ယောက်လို့ စွတ်စွဲပြောကြားထားခဲ့ပါတယ်။

#ManUtd #Solskijaer