လီဗာပူးအသင်းမှာ လိုအပ်နေဆဲ ကစားသမားတစ်ဦးကို ပြောကြားလိုက်တဲ့ ယာဂင်ကလော့ပ်

လီဗာပူးအသင်းနည်းပြ ယာဂင်ကလော့ပ်က ဒဏ်ရာတွေနဲ့ ရုန်းကန်နေရတဲ့ ကွင်းလယ်ကစားသမား လယ်လာနာကို အသင်းမှာ လိုအပ်နေဆဲဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ အသက် (၃၀) နှစ်အရွယ်ရှိပြီဖြစ်သူ လယ်လာနာဟာ ပြီးခဲ့တဲ့ တစ်ရာသီလုံးမှာ လီဗာပူးအသင်းအတွက် သုံးပွဲသာ ပွဲထွက်ကစားခွင့်ရခဲ့ပြီး ဒီရာသီမှာလည်း လက်ရှိအချိန်အထိ သုံးပွဲသာ ပွဲထွက်ကစားခွင့်ရထားပါသေးတယ်။

နောက်ဆုံးကစားခဲ့တဲ့ ဝုလ်ဗ်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ FA ဖလား တတိယအဆင့် ပွဲစဉ်ကိုလည်း လယ်လာနာတစ်ယောက် ဒဏ်ရာကြောင့် လွဲချော်ခဲ့ပြီး ဒီလနှောင်းပိုင်းမှသာ အသင်းနဲ့ ပြန်လည် ပူးပေါင်းနိုင်ဖွယ်ရှိပါတယ်။ လယ်လာနာနဲ့ ပတ်သက်ပြီး ကလော့ပ်က “သူ့(လယ်လာနာ)လို ကစားသမားမျိုး ရှိနေတာ အရမ်းကောင်းပြီး သူက ပွဲကို အေးအေးဆေးဆေး ထိန်းချုပ်နိုင်ပါတယ်။ သူက ပြိုင်ဘက် ခံစစ်တန်းကြားထဲမှာ ဖန်တီးနိုင်စွမ်း အရမ်းကောင်းပြီး လက်ရှိအချိန်ထိ အမြန်နှုန်းရော အရာအားလုံးရော ရှိပြီးသားပါ။”

“သူ့ကို ဆုံးရှုံးနေရတာ အဆင်မပြေပါဘူး။ ဒီရာသီ ကျွန်တော်တို့ အသင်းရဲ့ လေ့ကျင့်ခန်းအစီအစဉ်မှာ ဒဏ်ရာပြဿနာ ဖြစ်တာမျိုး မရှိပါဘူး။ ဒါပေမဲ့ သူက ဘောလုံးကို ထိန်းဖို့ ကြိုးစားရင်း ဒဏ်ရာရသွားပါတယ်။ ဒီအတွက်လည်း ဘာမှပြောစရာမရှိတော့ပါဘူး။ သူ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ ပိုပြီး ကောင်းမွန်မယ့် နေရာမှာ ရှိနေသင့်တယ်လို့ ထင်လား။ ဟုတ်ပါတယ်။ ရှိနေသင့်ပါတယ်။ သူ့အနေနဲ့ နောက်ဆုံး (၁၀) ပွဲမှာ ဂိုး (၂၀) လောက်သွင်းထားနိုင်တယ်ဆိုရင်တော့ ခင်ဗျားပြောသလို ဟုတ်မှာပေါ့။ ဒါပေမဲ့ လက်ရှိအချိန်မှာ အရာအားလုံး အဆင်ပြေပါတယ်။ ကျွန်တော်တို့ သူ့ကို လိုအပ်တယ်ဆိုတာကို သူလည်း သိပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။