ရပ်ရှ်ဖို့ဒ်က ဟာရီကိန်းရဲ့ အဆင့်အတန်းတစ်ခုကို ရောက်လာလိမ့်မယ်လို့ ပြောကြားလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ တိုက်စစ်မှူး ရပ်ရှ်ဖို့ဒ်ဟာ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟာရီကိန်းလိုမျိုး အဆင့်အတန်းတစ်ခုကို ရောက်ရှိလာလိမ့်မယ်လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ဆိုးလ်ရှားကိုင်တွယ်နေတဲ့ ယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးအဖြစ် ခြေစွမ်းပြလျက်ရှိပြီး ဆိုးလ်ရှား လက်ထက်ကိုင်တွယ်ပြီးခဲ့တဲ့ ပွဲစဉ် (၅) ပွဲမှာ (၃) ဂိုးသွင်းယူပေးထားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ရပ်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီး ဆိုးလ်ရှားက “သူ(ရပ်ရှ်ဖို့ဒ်)က ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်ပြီး ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ဆိုလည်း ဟုတ်ပါတယ်။ ကျွန်တော်တို့ ဟာရီကိန်းနဲ့ သူ့ရဲ့ ခြေစွမ်းအဆင့်အတန်းအကြောင်းကို ပြောနေရပြီး ရပ်ရှ်ဖို့ဒ်ကလည်း ဟာရီကိန်းလိုမျိုး အဆင့်အတန်းတစ်ခုကို ရောက်လာမယ်ဆိုတာကို ကျွန်တော်သေချာပေါက်ပြောရဲပါတယ်။ သူက နေရာလွတ်တွေကို အကောင်းဆုံး အသုံးချလာနိုင်ပြီး အရမ်းကို သန်မာလာပါပြီ။ သူက အသင်းအတွက်လည်း ဘောလုံးကိုင်ကစားလာနိုင်ပြီး အသင်းဖော်တွေနဲ့ ချိတ်ဆက်ကစားရာမှာလည်း ထိပ်တန်းအဆင့်ကို ရောက်ရှိလာခဲ့ပါပြီ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။

ရပ်ရှ်ဖို့ဒ်ဟာ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားဖြစ်ပြီး ဆိုးလ်ရှားဟာ သူ့လက်ထက်မှာ တာဟစ်ချောင် အိန်ဂျယ်လ်ဂိုးမက်စ်တို့လို အကယ်ဒမီ ကစားသမားတွေကို ပွဲထွက်ကစားခွင့်ပေးခဲ့ပြီးဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့လည်း ဆိုးလ်ရှားက “သူ(ရပ်ရှ်ဖို့ဒ်)က အကယ်ဒမီကနေ ခေါ်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အဲ့ဒီနေရာမှာ အရမ်းကောင်းတဲ့ကလေးတွေ ရှိပြီးသားပါ။ တာဟစ်ချောင် အိန်ဂျယ်လ်ဂိုးမက်စ် နဲ့ ရပ်ရှ်ဖို့ဒ်တို့က အတူတကွ တွဲကစားခဲ့ဖူးတာကြောင့် ရပ်ရှ်ဖို့ဒ်ကလည်း အခုအသင်းကြီးမှာ သူတို့နဲ့ အတူတွဲကစားရတာကို စိတ်လှုပ်ရှားနေပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။