အီတလီအသင်း အခုထက်ပိုပြီးတိုးတက်လာဖို့ လိုအပ်တယ်လို့ နည်းပြမန်စီနီပြောကြား

အီတလီလက်ရွေးစင်အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ မန်စီနီက အီတလီအသင်းအနေနဲ့ အခုထက်ပိုမိုပြီး တိုးတက်လာဖို့ လိုအပ်တယ်လို့ ပြောကြားသွားခဲ့ပါတယ်။ အီတလီအသင်းဟာ မနေ့က ကစားခဲ့တဲ့ ယူကရိန်းအသင်းနဲ့ ခြေစမ်းပွဲမှာ တစ်ဖက်တစ်ဂိုးစီသရေကျခဲ့ပြီးနောက်ပိုင်းမှာ နည်းပြ မန်စီနီက အခုလိုပဲ မှတ်ချက်ပြုပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။ အီတလီအသင်းဟာ ဒီပွဲရဲ့ ပွဲကစားချိန် (၅၅) မိနစ်မှာ ဘာနာဒက်ခီရဲ့သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ (၇) မိနစ်အကြာမှာပဲ မာလင်နိုစကီးရဲ့ ချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပြီး တစ်ဂိုးစီသရေကျခဲ့တာလည်း ဖြစ်ပါတယ်။ 

ပွဲအပြီးမှာတော့ မန်စီနီက “ဒီရလဒ်နဲ့ ပတ်သက်ပြီး စိတ်ပျက်ခဲ့ရပါတယ်။ တကယ့်လက်တွေ့မှာတော့ ဒီရလဒ်က မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အနေနဲ့ နောက်ထပ် ဂိုးတွေ ထပ်ရခဲ့သင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အခုထက်ပိုတိုးတက်အောင် ကြိုးစားရမှာဖြစ်ပြီး ကွင်းထဲမှာလည်း တိုးတက်လာဖို့ လိုအပ်ပါသေးတယ်။ ဂိုးသွင်းဖို့ အခွင့်အရေးတွေရတဲ့အချိန်မှာ ကစားသမားတွေအနေနဲ့ ဆုံးဖြတ်ချက်ပြတ်သားဖို့ လိုအပ်ပြီး ဂိုးတွေ သွင်းယူနိုင်ရပါမယ်။”  

“ကျွန်တော် ကစားသမား လေးငါးယောက်လောက် ပြောင်းလဲလိုက်တဲ့ အချိန်မှာ အသင်းက စုစည်းမှု နည်းနည်း ပျောက်သွားပေမဲ့ ဒုတိယပိုင်းအထိကို တိုက်စစ်က ပိုမိုကောင်းမွန်တဲ့ အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပါသေးတယ်။ ဒီနေ့ပွဲရဲ့ အကောင်းဆုံး အကျိုးရလဒ်ကတော့ ကစားသမားတွေအကုန်လုံး အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ပြောရမှာပါ။ ဒီပွဲက ခြေစမ်းပွဲဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ ပိုလန်နဲ့ ကစားမယ့်ပွဲအတွက် လေးရက်ပြင်ဆင်ချိန်ရရှိမှာဖြစ်ပြီး အဲ့ဒီပွဲမှာ ကျွန်တော်တို့ရဲ့ အကောင်းဆုံးပုံစံကို ပြသနိုင်ဖို့ ကြိုးစားသွားမှာပါ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ အီတလီအသင်းဟာ ဒီပွဲမှာ ပြိုင်ဘက်ဂိုးသမားဖြစ်သူ ပီယာတို့ဗ်ရဲ့ လက်စွမ်းပြ ကာကွယ်မှုတချို့ကြောင့် အနိုင်ဂိုးနဲ့ ဝေးခဲ့ရသလို ယူကရိန်းအသင်းရဲ့ တိုက်စစ်ဆင်မှုတွေကိုလည်း ဒွန်နာရမ်မာက အကောင်းဆုံး လက်စွမ်းပြ ကာကွယ်နိုင်ခဲ့တာကြောင့် အခုလိုမျိုးပဲ တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျခဲ့တာလည်းဖြစ်ပါတယ်။