စီရော်နယ်ဒို မက်ဆီတို့လောက် ဂိုးတွေမသွင်းနိုင်တာတောင် ဂရစ်ဇ်မန်းက Ballon d’Or ဆုနဲ့ ထိုက်တန်တဲ့ အကြောင်းကို ပြောကြားလိုက်တဲ့ အက်သလက်တီကိုအသင်းဖော်

အက်သလက်တီကိုအသင်းရဲ့ ကွင်းလယ်ကစားသမား ဆာအူးလ်နီဂွက်ဇ်က အသင်းဖော် တိုက်စစ်မှူး အန်တိုနီဂရစ်ဇ်မန်းဟာ ကမ္ဘာ့အကောင်းဆုံးဆုနဲ့ ထိုက်တန်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ တနလာင်္နေ့က ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင် ကစားသမား (၃၀) ဦးစာရင်းမှာ ဂရစ်ဇ်မန်းလည်း ပါဝင်လာခဲ့ပြီး ဂျူဗင်တပ်စ်အသင်းရဲ့ တိုက်စစ်မှူး စီရော်နယ်ဒို ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကစားသမား မိုဒရစ်တို့နဲ့ အတူ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးဖို့ ရေပန်းစားလျက်ရှိပါတယ်။ 

ဆာအူးလ်က “သူ(ဂရစ်ဇ်မန်း)အနေနဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆုကို မျှမျှတတ ရယူသွားနိုင်ဖို့ မျှော်လင့်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဟာ တဖြည်းဖြည်း အင်အားကြီးထွားလာခဲ့ပြီး ဒီနေရာမှာ တစ်စိတ်တစ်ပိုင်း စွမ်းဆောင်ပေးခဲ့တဲ့ ဂရစ်ဇ်မန်းကို ကျေးဇူးတင်ရမှာပါ။ သူက စီရော်နယ်ဒို မက်ဆီတို့လောက် ဂိုးတွေမသွင်းနိုင်ရင်တောင် ကလပ်အသင်းမှာရော နိုင်ငံအသင်းမှာပါ ဂိုးတွေရရှိအောင် စွမ်းဆောင်ပေးနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။” ဆိုပြီး ချီးကျူးပြောကြာားသွားခဲ့ပါတယ်။ 

ဂရစ်ဇ်မန်းဟာ ပြီးခဲ့တဲ့ (၂၀၁၈-၁၉) ဘောလုံးရာသီမှာ အက်သလက်တီကိုအသင်းအတွက် ပြိုင်ပွဲစုံမှာ (၂၉) ဂိုးသွင်းယူကာ အက်သလက်တီကိုအသင်းနဲ့ ယူရိုပါလိဂ်ဖလားကို ရယူနိုင်ခဲ့တဲ့အပြင် (၂၀၁၈) ကမ္ဘာ့ဖလားမှာလည်း ပြင်သစ်အသင်းကို လေးကြိမ်မြောက်ကမ္ဘာ့ချန်ပီယံအဖြစ် ဗိုလ်စွဲနိုင်အောင် ကူညီပေးနိုင်ခဲ့တဲ့ ကစားသမား တစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ချီးမြှင့်ပွဲအခမ်းအနားကိုတော့ ဒီဇင်ဘာလ (၃) ရက်နေ့မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပ ပြုလုပ်သွားမှာဖြစ်ပါတယ်။