မီလန်အသင်း ၂ သင်းရဲ့ နောက်ခံလူတွေကို ခေါ်ယူချင်နေတဲ့ မော်ရင်ဟို

မန်ယူနည်းပြ မော်ရင်ဟိုဟာ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အင်တာမီလန်နောက်ခံလူ စခရီနီယာနဲ့ အေစီမီလန် ခံစစ်မှူး ရိုမက်နိုလီတို့ကို ခေါ်ယူပေးဖို့ အသင်းထံ တောင်းဆိုထားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ မော်ရင်ဟိုဟာ မန်ယူအသင်းရဲ့ လက်ရှိခံစစ်ကစားသမားအင်အားနဲ့ မကျေနပ်နိုင်လို့ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကတည်းက ဗဟိုခံစစ်မှူးသစ် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ မန်ယူဟာ ရာသီအစပိုင်း ကွင်းတွင်း၊ ကွင်းပြင် အဆင်မပြေမှုတွေ ကြုံတွေ့နေလို့ မော်ရင်ဟိုရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး ကောလာဟလတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ မန်ယူအသင်း ထိပ်တန်းတာဝန်ရှိသူတွေကတော့ နည်းပြမော်ရင်ဟိုကို ရာထူးက ထုတ်ပယ်မယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ထားပါတယ်။

မော်ရင်ဟိုဟာ သူ့ကို လူသိရှင်ကြားထောက်ခံပေးဖို့၊ အပြောင်းအရွှေ့ဈေးကွက်မှာ သူတောင်းဆိုတာတွေကို ဖြည့်ဆည်းပေးဖို့ လိုလားနေပါတယ်။ အင်တာမီလန်နောက်ခံလူ စခရီနီယာနဲ့ အေစီမီလန် နောက်ခံလူ ရိုမက်နီယာတို့ ၂ ယောက်လုံးဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ နီးပါးလောက် သတ်မှတ်ခံထားရသူတွေပါ။ ဇန်နဝါရီလ အပြောင်းအရွှေ့ ဖွင့်လှစ်တာနဲ့ ဒီကစားသမား ၂ ယောက်ကို ခေါ်ယူပေးဖို့ မော်ရင်ဟိုက အက်ဒ်ဝုဒ်ဝက်ကို တောင်းဆိုထားပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ စည်းမျဉ်းသစ်ကြောင့် မန်ယူသာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရှုံးထွက်အဆင့် တက်ရောက်နိုင်ခဲ့ရင် ဒီကစားသမား ၂ ယောက်လုံး(အေစီမီလန်က ယူရိုပါလိဂ် ကစားခွင့်ရရှိထား)ချန်ပီယံလိဂ်ပြိုင်ပွဲ ကစားခွင့်ရရှိမှာဖြစ်ပါတယ်။