ပြင်သစ်ကို ကယ်တင်ခဲ့တဲ့ အမ်ဘာပေကို ဝိုင်းပြီးချီးကျူးခဲ့ကြတဲ့ ပြင်သစ်အသင်းခေါင်းဆောင်နဲ့ဂျီရူး

အိုက်စလန်အသင်းကို နှစ်ဂိုးစီသရေကျခဲ့တဲ့ ပွဲအပြီးမှာ ပြင်သစ်လက်ရွေးစင်အသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်တဲ့ လိုရစ်နဲ့ တိုက်စစ်မှူး ဂျီရူးတို့ဟာ အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဖြစ်သူ အမ်ဘာပေကို ချီးကျူးစကားပြောကြားခဲ့တယ်လို့ သိရှိရပါတယ်။ ပြင်သစ်အသင်းဟာ အိုက်စလန်အသင်းရဲ့ နှစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်ခြင်းကို ခံထားရပြီး ဒုတိယပိုင်း ပွဲကစားချိန် မိနစ် (၆၀) မှာ ဂရစ်ဇ်မန်းရဲ့ နေရာကို လူစားဝင်လာတဲ့ အမ်ဘာပေက ပြင်သစ်အသင်းကို ကယ်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

အိုက်စလန်အသင်းက ဂျာနာဆန် အာနာဆန်တို့ရဲ့ သွင်းဂိုးတွေနဲ့ ပြင်သစ်အသင်းကို ဦးဆောင်နိုင်ခဲ့ပေမဲ့ ပွဲကစားချိန် (၈၆) မိနစ်မှာ အီဂျော့ဖ်ဆန်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းတဲ့တစ်ဂိုးအပါအဝင် နောက်ဆုံးမိနစ်မှာ ပင်နယ်တီကနေတစ်ဆင့် အမ်ဘာပေရဲ့ ဒုတိယချေပဂိုးကို ပြန်လည်ခွင့်ပြုခဲ့ရပြီး ပွဲအပြီးမှာ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့ပါတယ်။ ပွဲအပြီးမှာတော့ လိုရစ်က “ဘောလုံးက တစ်ဦးတစ်ယောက်တည်း အပေါ် မူတည်မနေပါဘူး။ ဒါပေမဲ့ အမ်ဘာပေကတော့ ပွဲတစ်ပွဲအပေါ် အဆုံးအဖြတ်ပေးနိုင်တဲ့ ကစားသမားတစ်ဦးပါ။ သူကွင်းထဲကို ရောက်လာတာနဲ့ တစ်သင်းလုံးက စိတ်ဓာတ်တွေ တက်ကြွလာခဲ့တဲ့အပြင် သူက နှစ်ဂိုးလုံးမှာ ပါဝင်ပတ်သက်နေခဲ့ပြီး ပွဲကို ဆုံးဖြတ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားကစားသမားတွေကလည်း အများကြီး ကြိုးစားအားထုတ်ခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့အရာဆိုတာမရှိပါဘူး။ ကောင်းကွက်ရှိသလို ဆိုးကွက်လည်း ရှိခဲ့ပြီး ဒီပွဲက အင်္ဂါနေ့ပွဲ(ဂျာမနီနဲ့နေရှင်လိဂ်ပွဲ) အတွက် ပြင်ဆင်မှုကောင်းကောင်းဖြစ်ခဲ့ပါတယ်။ အဲ့ဒီပွဲက အခုပွဲထက် အများကြီးပိုအရေးကြီးပါတယ်။” ဆိုပြီး ချီးကျူးပြောကြားသွားခဲ့ပါတယ်။ 

ဂျီရူးကလည်း “အမ်ဘာပေ ဝင်လာတာက ကောင်းမွန်တဲ့ လူစားလဲမှုတစ်ခုဖြစ်ခဲ့ပါတယ်။ သူက တကယ့်ကို ပါဝါအပြည့်နဲ့ ကစားသွားခဲ့ပြီး အိုက်စလန်လို အသင်းမျိုးကို ရင်ဆိုင်ရတဲ့ပွဲမှာ ပွဲအဖြေကို ပြောင်းလဲပေးနိုင်တဲ့ သူ့လို ကစားသမားမျိုးကို လိုအပ်ခဲ့ပါတယ်။ သူက အကောင်းဆုံး ကစားနိုင်ခဲ့ပြီး ကျွန်တော်တို့ကလည်း သူဘာလုပ်နိုင်လဲကောင်းကောင်းသိပါတယ်။ သူက အသင်းကို ကယ်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်မှာ သူက ပုံစံကောင်းရနေတယ်ဆိုတာကို ပြသနိုင်ခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ အင်္ဂါနေ့မှာ အခုထက်ပိုကောင်းအောင် စွမ်းဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ပြင်သစ်အသင်းဟာ လာမယ့် အင်္ဂါနေ့မှာတော့ နေရှင်လိဂ်ပြိုင်ပွဲအဖြစ် အင်အားကြီး ကလပ်အသင်းဖြစ်တဲ့ ဂျာမနီအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပြီး အမ်ဘာပေတစ်ယောက် ဆက်လက်ခြေစွမ်းပြနိုင်ဦးမလား စောင့်ကြည့်ရဦးမှာပါ။

0 Shares