မော်ရင်ဟိုက နောက်ဆုံး (၂၅) နှစ်အတွင်းမှာ ဖာဂူဆန်နဲ့အတူ အကောင်းဆုံးနည်းပြစာရင်းထဲမှာပါတယ်လို့ ပြောကြားလိုက်တဲ့ ကာရစ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လက်ထောက်နည်းပြ မိုက်ကယ်ကာရစ်က အသင်းရဲ့ နည်းပြချုပ်ဖြစ်သူ မော်ရင်ဟိုဟာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းဖြစ်တဲ့ ဖာဂူဆန်နဲ့အတူ နောက်ဆုံး (၂၅) နှစ်အတွင်းမှာ အကောင်းဆုံးနည်းပြစာရင်းဝင်တဲ့သူတစ်ဦးလို့ ချီးကျူးပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပေါ်တူဂီ အင်္ဂလန် အီတလီ စပိန်တို့မှာ နည်းပြခဲ့ဖူးပြီး ရောက်လေရာ နိုင်ငံတိုင်းမှာ အဓိက အမှတ်ပေးဆုဖလားတွေကို ရယူနိုင်ခဲ့တဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ 

ဒါနဲ့ ပတ်သက်ပြီး ကာရစ်က “လုတွေက ဟိုဆေး(မော်ရင်ဟို) နဲ့ ပတ်သက်ပြီး သူဘာတွေ လုပ်နိုင်ခဲ့လဲ မေးလာရင် သူရရှိခဲ့ဖူးတဲ့ ဆုတွေက ကျွန်တော့်ကို အဆွဲဆောင်နိုင်ခဲ့ဆုံး ဖြစ်ပါတယ်။ သူက ရောက်လေရာနေရာတိုင်းမှာ အကောင်းဆုံးနည်းပြတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာကို အကြိမ်ကြိမ်သက်သေပြခဲ့ပြီးပါပြီ။ သူက ယူနိုက်တက်အသင်းကိုလည်း ဆုဖလားတွေရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီးပါပြီ။ လက်ရှိအချိန်မှာ အသင်းက ရုန်းကန်နေရတယ်ဆိုပေမဲ့ မော်ရင်ဟိုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကတော့ ငြင်းဆန်လို့မရပါဘူး။ ဒီအချက်အလက်တွေကပဲ သူ့ကို အကောင်းဆုံးဖြစ်ကြောင်း သက်သေပြနေပါတယ်။” 

“ကျွန်တော့်အတွက် နောက်ဆုံး (၂၅) နှစ် နှစ် (၃၀) အတွင်းက အကောင်းဆုံးနည်းပြတွေအကြောင်း ကို ပြန်စဉ်းစားကြည့်လိုက်ရင် ထိပ်ဆုံးနည်းပြနှစ်ယောက်မှာ မော်ရင်ဟိုနဲ့ဖာဂူဆန်တို့ ပါဝင်နေပါတယ်။ သူတို့ နှစ်ယောက်လုံးဆီက သင်ယူနိုင်ခဲ့တာက ကျွန်တော့်အတွက် ကံကောင်းတာပါပဲ။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ကာရစ်ဟာ ကစားသမားဘဝမှာ ဖာဂူဆန်ရဲ့ လက်အောက်မှာရော မော်ရင်ဟိုရဲ့ လက်အောက်မှာပါ ကစားခဲ့ဖူးပြီး လက်ရှိအချိန်မှာလည်း ယူနိုက်တက်နည်းပြ အဖွဲ့ဝင်အဖြစ် မော်ရင်ဟိုရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်လျက်ရှိပါတယ်။

 

1K Shares