နေမာ ဘာစီလိုနာအသင်းကို ပြန်မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ဖွင့်ဟလာတဲ့ နေမာရဲ့ ဖခင်

နေမာရဲ့ ဖခင်ဖြစ်သူက နေမာအနေနဲ့ အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လည် ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး သတင်းအမှားတွေဖြစ်ကြောင်း ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ အသက် (၂၆) နှစ်အရွယ်ရှိပြီဖြစ်သူ နေမာဟာ ပြီးခဲ့တဲ့ (၂၀၁၆) ခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းကနေ PSG အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြစ်တဲ့ ပေါင် (၂၂၂) သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပေမဲ့ အခုလိုမျိုး ဘောလုံးရာသီ နှစ်ခု မကုန်ဆုံးခင်မှာပဲ အသင်းဟောင်းကို ပြန်လည် ပြောင်းရွှေ့တော့မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

နေမာရဲ့ ကလပ်အသင်းဖြစ်တဲ့ PSG အသင်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ငြိစွန်းနေပြီး ပြစ်မှုထင်ရှားကြောင်း သက်သေပြနိုင်ပါက ကြီးလေးတဲ့ ပြစ်ဒဏ်နဲ့ ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။ ဒီလိုမျိုးသာ အမှန်တကယ်ဖြစ်လာပါက PSG အသင်းဟာ နေမာ သို့မဟုတ် အမ်ဘာပေတစ်ယောက်ယောက်ကို ရောင်းချရဖွယ်ရှိနေပြီး နေမာအနေနဲ့လည်း အခုလိုမျိုး အသင်းဟောင်း ဘာစီလိုနာအသင်းကို ပြန်လည် ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့လည်း သတင်းတွေ ကျယ်လောင်စွာ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

ဒီသတင်းကို ဖော်ပြခဲ့တာကတော့ စပိန်နာမည်ကြီး သတင်းစာတစ်စောင်ဖြစ်တဲ့ မွန်ဒိုသတင်းစာက ဖြစ်ပြီး ဒီသတင်းတွေနဲ့ ပတ်သက်လို့ နေမာရဲ့ ဖခင်ဖြစ်သူကတော့ “အတုအယောင် သတင်းဌာနတွေက လာတဲ့ သတင်းအမှားတွေ” ဆိုပြီး ငြင်းဆန်ပယ်ချသွားခဲ့ပါတယ်။ နေမာဟာ PSG အသင်းကို စတင်ရောက်ရှိလာခဲ့တဲ့ အချိန်ကစပြီး လက်ရှိအချိန်အထိ အသင်းအတွက် ပြိုင်ပွဲစုံပွဲ (၅၀) ကစားပြီးချိန်မှာ (၄၆) ဂိုးသွင်းယူပေးထားကာ အသင်းရဲ့ မရှိမဖြစ် အရေးပါတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

 

 

4K Shares