အိုဇေးလ်ကို အူနိုင်းအမ်မရီ အသုံးပြုမှာ မဟုတ်တဲ့အကြောင်းကို ရှင်းပြသွားတဲ့ ပေါလ်မာဆင်

Sky Sports က ဘောလုံး ရုပ်သံဝေဖန်သူတစ်ဦးဖြစ်တဲ့ ပေါလ်မာဆင်က အာဆင်နယ်အသင်းနည်းပြ အူနိုင်းအမ်မရီအနေနဲ့ စပါး ယူနိုက်တက်တို့နဲ့ ကစားခဲ့တဲ့ ပွဲတုန်းကလို ပုံစံမျိုး ကစားချင်လို့ အိုဇေးလ်ကို လာမယ့် ဟက်ဒါဖီးလ်အသင်းနဲ့ပွဲမှာလည်း အသုံးပြုဖွယ်မရှိဘူးလို့ ဖွင့်ဟပြောကြားသွားပါတယ်။ အိုဇေးလ်ဟာ အာဆင်နယ်အသင်း နောက်ဆုံးကစားခဲ့တဲ့ ပွဲစဉ်နှစ်ပွဲဖြစ်တဲ့ စပါးနဲ့ယူနိုက်တက်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားခွင့်ရရှိခဲ့ခြင်းမရှိဘဲ အသင်းရဲ့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ 

အခုတစ်ခါမှာ ပေါလ်မာဆင်က “အာဆင်နယ်အသင်းသာ စပါး ယူနိုက်တက်တို့နဲ့ ကစားခဲ့တဲ့ပွဲတွေက ပုံစံအတိုင်း ဆက်ပြီး ကစားချင်တယ်ဆိုရင် အူနိုင်းအမ်မရီက အိုဇေးလ်ကို ပြန်ပြီး အသုံးပြုတော့မယ်လို့ မထင်ပါဘူး။ ဟက်ဒါဖီးလ်အသင်းက ဘုန်းမောက်နဲ့ပွဲမှာလည်း တစ်ယောက်ထုတ်ခံခဲ့ရပြီး ကံဆိုးခဲ့တဲ့ အသင်းတစ်သင်းပါ။ ဒါပေမဲ့ ဒီပွဲမှာလည်း အာဆင်နယ်ပဲ နိုင်ပါလိမ့်မယ်။ ဒေးဗစ်ဝါနာရဲ့ အသင်း (ဟက်ဒါဖီးလ်အသင်း) ထက် အာဆင်နယ်အသင်းက အများကြီး ပိုကောင်းပါတယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ 

အိုဇေးလ်ဟာ လက်ရှိအချိန်မှာ နောက်ကျောဒဏ်ရာကြောင့် အနားယူနေရတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပြီး ဟက်ဒါဖီးလ်အသင်းနဲ့ပွဲမှာ အိုဇေးလ် ပြန်ပါနိုင် မပါနိုင်နဲ့ ပတ်သက်ပြီးတော့လည်း အူနိုင်းအမ်မရီက “ဒီနေ့မနက်မှာ သူ(အိုဇေးလ်)က အသင်းရဲ့ ကာယဆရာဝန်နဲ့ ကွင်းထဲမှာ ပြေးတာတို့ ဘောလုံးနဲ့ လေ့ကျင့်ခန်းဆင်းတာတွေလည်း လုပ်နေပါတယ်။ သောကြာနေ့ (ဒီနေ့)က သူပါနိုင် မပါနိုင် အဆုံးအဖြတ်ဖြစ်ပါလိမ့်မယ်။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ သရေကျပြီးနောက်မှာ ပြိုင်ပွဲစုံ နောက်ဆုံး ပွဲ (၂၀) ဆက်တိုက် ရှုံးပွဲမရှိစံချိန်တစ်ခုရရှိထားပြီး စနေနေ့မှာတော့ ဟက်ဒါဖီးလ်အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာလည်းဖြစ်ပါတယ်။

 

1K Shares