အာစင်ဝင်းဂါးကို ချိန်ရွယ်နေတဲ့ PSG အသင်း

ပြင်သစ်နာမည်ကြီးကလပ်အသင်းတစ်သင်းဖြစ်တဲ့ PSG အသင်းဟာ အာဆင်နယ်အသင်းရဲ့ သက်တော်ရှည်နည်းပြတစ်ဦးဖြစ်ခဲ့တဲ့ အာစင်ဝင်းဂါးကို ခေါ်ယူဖို့အတွက် ချိန်ရွယ်နေတယ်လို့ သိရှိရပါတယ်။ အာစင်ဝင်းဂါးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီ ပြီးဆုံးချိန်မှာ နှစ်ပေါင်း (၂၀) ကျော်ကြာနည်းပြခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ လမ်းခွဲခဲ့ပြီး လက်ရှိအချိန်ထိ မည်သည့်အသင်းကို မှ ကိုင်တွယ်ခြင်းမရှိသေးဘဲ အသင်းလက်မဲ့အဖြစ် ရှိနေသေးတာလည်း ဖြစ်ပါတယ်။ 

ဒါပေမဲ့ PSG အသင်းဟာ အာစင်ဝင်းဂါးကို နည်းပြချုပ်နေရာအတွက် ခေါ်ယူဖို့ ကြိုးစားမှာ မဟုတ်ဘဲ အားကစားဒါရိုက်တာ ရာထူးအတွက် အာစင်ဝင်းဂါးကို ခန့်အပ်ဖို့ ကြိုးပမ်းသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ PSG အသင်းဟာ အာစင်ဝင်းဂါး အာဆင်နယ်အသင်းကို ကိုင်တွယ်နေစဉ်အချိန်တည်းက နည်းပြချုပ်အနေနဲ့ ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ သတင်းတွေ မကြာခဏ ထွက်ပေါ်ခဲ့ပေမဲ့ အာစင်ဝင်းဂါးကတော့ အာဆင်နယ်အသင်းမှာပဲ ဆက်လက်ရှိနေခဲ့ပါတယ်။ 

PSG အသင်းဟာ လက်ရှိအချိန်မှာ ပြင်သစ်လိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲနဲ့ ခရီးဆက်ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ အပြတ်အသတ်နဲ့ ဦးဆောင်နေပေမဲ့ အသင်းဥက္ကဌဖြစ်တဲ့ အယ်လီလိုင်ဖာကတော့ အသင်းကို ဥရောပမှာ အောင်မြင်မှုတွေရရှိစေဖို့အတွက် အာစင်ဝင်းဂါးကို အားကစားဒါရိုက်တာရာထူးခန့်အပ်ပြီး လက်ရှိအသင်းနည်းပြချုပ်သောမတ်စ်တူချယ်လ်နဲ့ အတူလက်တွဲစေချင်နေတာလည်း ဖြစ်ပါတယ်။ အာစင်ဝင်းဂါးဟာ အာဆင်နယ်အသင်းနဲ့အတူ ရှုံးပွဲမရှိစံချိန်နဲ့ ရယူခဲ့တဲ့ ပရီးမီးယားလိဂ်အမှတ်ပေးဖလားအပါအဝင် FA ဖလား ကွန်မြူနတီဒိုင်းတို့အပါအဝင် ဆုဖလား များစွာရယူနိုင်ခဲ့တဲ့ နည်းပြတစ်ဦးလည်းဖြစ်ပါတယ်။ အာစင်ဝင်းဂါးကို ခေါ်ယူဖို့အတွက် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး ဘိုင်ယန်အသင်းကတော့ အာစင်ဝင်းဂါးကို နည်းပြချုပ်နေရာအတွက် စိတ်ဝင်စားနေတာဖြစ်တယ်လို့ သိရှိရပါတယ်။

2K Shares

Leave a Reply

Your email address will not be published. Required fields are marked *