အလှည့်ကျလူထုတ်နေတဲ့ ကိုဗက်ကို သတိပေးလိုက်တဲ့ ဘိုင်ယန်မြူးနစ်ဥက္ကဌ

ဘိုင်ယန်မြူးနစ်အသင်းဥက္ကဌဖြစ်တဲ့ အူလီဟိုးနက်စ်က အသင်းမှာ အလှည့်ကျလူထုတ်ပုံကို သုံးစွဲနေတဲ့ နည်းပြ ကိုဗက်အပေါ် သတိပေးပြောကြားမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ နိုင်ပွဲပျောက်ဆုံးမှုတွေနဲ့ ဆက်တိုက်ကြုံတွေ့နေရပြီး အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာလည်း စည်းလုံးမှုပြိုကွဲတာတွေရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းရဲ့ အူလီဟိုးနက်စ်က “သူ(ကိုဗက်) အသင်းကို စရောက်တည်းက အသင်းက အလှည့်ကျလူထုတ်ပုံနဲ့ ခရီးဆက်နေပါတယ်။ ဒါက ကျွန်တော်တို့အသင်းအတွက် နည်းနည်းတော့ လွဲမှားနေတဲ့ ကိစ္စပါ။ ဒါက နည်းပြအပေါ် အပြည့်အဝ မူတည်နေပြီး ဒီလိုလုပ်နေတာက နောက်ဆုံးကျရင် သူ့လည်ပင်းသူ ဖြတ်သလိုဖြစ်နေပါလိမ့်မယ်။ အော့စ်ဘတ်နဲ့သရေကျခဲ့တဲ့ပွဲမှာ ပွဲအပေါ် အပြည့်အဝအာရုံမစိုက်နိုင်ခဲ့ဘဲ အဲ့ဒီပွဲကစပြီး ကျွန်တော်တို့ အရှိန်ပျက်သွားတယ်လို့ ထင်ပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားမှုတွေ ပြုလုပ်သွားခဲ့တယ်လို့ သိရပါတယ်။ 

ဂျာမန် သတင်းစာတစ်စောင်ဖြစ်တဲ့ Bild ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဝတ်လဲခန်းအတွင်းမှာ ပြဿနာတွေ စတင်ဖြစ်ပွါးလာပြီး ဝက်ဂ်နာ ဇူလာ ဂေါ်ရက်ဇ်ကာ နာဘရီတို့အနေနဲ့ ကိုဗက်ရဲ့ အလှည့်ကျလူထုတ်ပုံအောက်မှာ ပွဲကစားခွင့်နည်းပါးတဲ့ ကိစ္စနဲ့ပတ်သက်ပြီး မကျေမနပ်ဖြစ်မှုတွေ မြင့်တက်လာခဲ့သလို အေဂျက်စ်အသင်းနဲ့ ကစားခဲ့တဲ့ ပွဲမှာလည်း ပွဲထွက်ကစားသမားစာရင်းမှာ ပါဝင်ခွင့်မရတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ပွဲပြီးလို့ (၁၀) မိနစ်မပြည့်ခင်မှာပဲ ဘိုင်ယန်မြူးနစ်အသင်းရဲ့ အဝတ်လဲခန်းထဲကနေ ထွက်ခွာသွားခဲ့တယ်လို့ သိရှိရပါတယ်။ ချန်ပီယံလိဂ်အုပ်စု ဒုတိယပွဲစဉ်မှာ နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ဘွန်ဒက်စ်လီဂါမှာလည်း နှစ်ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားခဲ့တာကြောင့် ချန်ပီယံဆုအတွက် အဓိကပြိုင်ဘက်ဖြစ်လာနိုင်တဲ့ ဒေါ့မွန်အသင်းရဲ့ တစ်မှတ်အကွာနဲ့ ကျော်တက်ခြင်းကိုလည်း ခံလိုက်ရပါသေးတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *