ဟာဇက်ကို ပေါင် (၆၅) သန်းလောက်နဲ့ ခေါ်ယူနိုင်ဖို့အတွက် ရာသီကုန်အထိ စောင့်မယ့် ရီးရဲယ်မက်ဒရစ်

စပိန်လာလီဂါကလပ် ရီးရဲယ်မက်ဒရစ်အသင်းဟာ ဟာဇက်ကို ပေါင် (၆၅) သန်းဝန်းကျင်လောက်နဲ့ ခေါ်ယူနိုင်ဖို့အတွက် ရာသီကုန်အထိ စောင့်ကြည့်သွားမှာဖြစ်ကြောင်း သိရှိရပါတယ်။ ဟာဇက်ဟာ လာမယ့် ဘောလုံးရာသီကုန်ချိန်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ရီးရဲယ်မက်ဒရစ်အသင်းအနေနဲ့ ဒီအခြေအနေကို အခွင့်ကောင်းယူပြီး ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ ပြင်ဆင်နေတာလည်း ဖြစ်ပါတယ်။ ဟာဇက်ဟာ ဒီရက်သတ္တပတ်အစောပိုင်းမှာ ရီးရဲယ်မက်ဒရစ်အသင်းမှာ ကစားဖို့က အိမ်မက်တစ်ခုဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပြီး ရီးရဲယ်မက်ဒရစ်အသင်းကလည်း လာမယ့် ဆောင်းရာသီအပြောင်းအရွှေ့မှာတင် ဟာဇက်ကို ကမ်းလှမ်းလိမ့်မယ်လို့ သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။ 

ဒါပေမဲ့ ရီးရဲယ်မက်ဒရစ်အသင်းအနေနဲ့ ဟာဇက်ကို ခေါ်ယူဖို့ အလျင်စလို ကြိုးစားသွားမှာမဟုတ်ဘဲ ဒီဘောလုံးရာသီကုန်ချိန်အထိ စောင့်ဆိုင်းဖို့ ပြင်ဆင်ထားတယ်လို့ စပိန်သတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။ ဟာဇက်ဟာ ချဲလ်ဆီးအသင်းနဲ့ လာမယ့် (၂၀၁၉-၂၀) ရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး ယခုနှစ်ဘာလုံးရာသီကုန်ချိန်မှာ ဈေးသက်သက်သာသာနဲ့ ခေါ်ယူနိုင်ဖို့ မျက်စိကျနေတာပါ။ ရီးရဲယ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းရဲ့ ဂိုးသမား ကော်တိုအာကို ယခုလိုနည်းလမ်းမျိုးနဲ့ပဲ ချဉ်းကပ်ခဲ့ပြီး ကော်တိုအာနဲ့ ချဲလ်ဆီးအသင်းရဲ့ နောက်ဆုံးဘောလုံးရာသီမတိုင်ခင်မှာ ပြောင်းရွှေ့ကြေး ပေါင်သန်း (၃၀) သာပေးချေပြီး ဈေးသက်သက်သာသာနဲ့ ခေါ်ယူသွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ချဲလ်ဆီးအသင်းဟာ ဒီကြားထဲမှာ ဟာဇက်ကို စာချုပ်သက်တမ်းတိုးဖို့ အလျင်အမြန်ကြိုးစားနေပေမဲ့ ကစားသမားကိုယ်တိုင်ကိုက ရီးရဲယ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတာကြောင့် ဟာဇက်ကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်ခဲဖွယ်ရှိနေပါတယ်။ ဟာဇက်ဟာ လိုင်လီအသင်းကနေ ချဲလ်ဆီးအသင်းကို ပြောင်းရွှေ့လာခဲ့ချိန်ကစပြီး ဂိုးပေါင်း (၉၇) ဂိုးသွင်းပြီး ဂိုးဖန်တီးမှု (၇၈) ကြိမ်ပြုလုပ်နိုင်ခဲ့ကာ အသင်းအတွက် အထူးခြေစွမ်းပြကစားလျက်ရှိပါတယ်။ ရီးရဲယ်မက်ဒရစ်အသင်းဟာ ဟာဇက်ကို မခေါ်ယူခင်မှာ PSG အသင်းရဲ့ တိုက်စစ်မှူးနေမာနဲ့ စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား အဲရစ်ဆင်တို့ကို ဦးစားပေးခေါ်ယူဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဖော်ပြလျက်ရှိပါတယ်။

 

3K Shares