သူတစ်လူ ငါတစ်မင်း လုပ်နေကြတယ်ဆိုပြီး ဘိုင်ယန်ကစားသမားတွေကို နာမည်တပ်ပြီး ဝေဖန်လိုက်တဲ့ လိုသာမားသီးယပ်စ်

ဂျာမနီအသင်းရဲ့ ဂန္တဝင်ကစားသမားကြီး တစ်ဦးဖြစ်တဲ့ လိုသာမားသီးယပ်စ်ဟာ ဘိုင်ယန်မြူးနစ်အသင်း ကြုံတွေ့နေရတဲ့ အခြေအနေဆိုးတွေနဲ့ ပတ်သက်ပြီး အသင်းရဲ့ အဓိက ကစားသမားတွေကို နာမည်တပ်ပြီး တန်းစီ ဝေဖန်သွားခဲ့တယ်လို့ သိရှိရပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိအချိန်မှာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံလေးပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ကာ ဘွန်ဒက်စ်လီဂါမှာလည်း အဆင့် (၆) ကို ရောက်ရှိနေခဲ့ပြီး ရလဒ်ဆိုးတွေနဲ့ ကြုံတွေ့နေရတာလည်း ဖြစ်ပါတယ်။ နည်းပြဖြစ်သူကိုဗက်နဲ့ ဘိုင်ယန်အသင်းကစားသမားတွေကြားထဲမှာလည်း စည်းလုံးမှု ပြိုကွဲမှုတွေနဲ့ ဖြစ်ပေါ်နေပြီး ကိုဗက်အနေနဲ့ ရာထူးကနေ ထုတ်ပယ်ခံရမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ 

ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး လိုသာမားသီးယပ်စ်က “ဘိုင်ယန်အသင်းမှာ သူတစ်လူ ငါတစ်မင်း လုပ်နေတဲ့ ကစားသမားတွေ အများကြီးရှိနေပါတယ်။ ဂျိမ်းစ်ရိုဒရီဂွက်ဇ် လီဝန်ဒေါစကီးတို့ အပြင် ရော်ဘင်နဲ့ ရီဘာရီတို့လည်း ပါ,ပါတယ်။ သူတို့က အသင်းအတွက် ဘာမှ မစဉ်းစားဘဲ သူတို့အတွက်ပဲ သူတို့ စဉ်းစားတဲ့ ကစားသမားတွေပါ။ ပထမတစ်ယောက် (ဂျိမ်းစ်)က ပွဲလုံလုံလောက်လောက် မကစားရလို့ ဆိုပြီး အချိန်ပြည့်ငြီးတွားနေပြီး ဒုတိယတစ်ယောက် (လီဝန်ဒေါစကီး)ကလည်း သူ့ဆီ ဘောလုံး မရောက်ဘူးပဲ လုပ်နေပါတယ်။” 

“တတိယတစ်ယောက် (ရော်ဘင်)ကတော့ လူစားလဲခံရရင် လဲခံ ဒါမှမဟုတ် ဂျာနယ်လစ်တွေဆီသွားပြီး ငိုပြနေပါတယ်။ တခြား ကြယ်ပွင့်ကစားသမားတွေကလည်း သူတို့ရဲ့ အတ္တတွေ မာနတွေနဲ့ ကိုဗက်အပေါ်မှာ လေးစားမှုမရှိကြပါဘူး။ ကိုဗက်က ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို တွဲခေါ်လို့မရတာလည်း ကိုဗက်ရဲ့ အပြစ်မဟုတ်ပါဘူး။ ဂျိမ်းစ်ရိုဒရီဂွက်ဇ်က ဂျက်ဟေးနက်စ်လက်ထက်တုန်းကလည်း ဒီလိုဖြစ်ခဲ့ဖူးပါတယ်။” ဆိုပြီး ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းဟာ လက်ရှိကျင်းပနေတဲ့ နိုင်ငံတကာ ပြိုင်ပွဲတွေအပြီးမှာ ဝုလ်ဖ်ဘတ် AEK အေသင် မိန့်ဇ် ရိုဒင်ဟန်ဆန် အသင်းတို့ကို ပြိုင်ပွဲစုံ နောက်ဆုံးလေးပွဲဆက်တိုက်မှာ အဝေးကွင်းပွဲတွေ သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဘိုင်ယန်မြူးနစ်အသင်းတွေနဲ့ နိုင်ပွဲတွေ ပြန်လည်ရှာဖွေနိုင်ဖို့အတွက် ရုန်းကန်နို်င်ရဖွယ်ရှိနေပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *