ရမ်ဆေးနေရာ အစားထိုးဖို့ ဟာရဲရားကို လိုချင်နေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ အသင်းပြောင်းဖို့ရှိနေတဲ့ ကွင်းလယ်လူ ရမ်ဆေးနေရာမှာ အစားထိုးဖို့ ပေါ်တိုအသင်းခေါင်းဆောင် ဟက်တာဟာရဲရားကို ချိန်နေတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ ရမ်ဆေးနဲ့ အာဆင်နယ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲ ရောက်ရှိနေပါတယ်။ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ ဒါမှမဟုတ် စာချုပ်သက်တမ်းကုန်ဆုံးမယ့် ရာသီကုန်မှာ အာဆင်နယ်ကနေ ရမ်ဆေး ထွက်ခွာဖို့ရှိတယ်လို့ မကြာသေးမီအချိန်အတွင်း သူ့ကို ကိုယ်စားပြုနေတဲ့ အေဂျင်စီက ပြောပါတယ်။
အာဆင်နယ်ဟာ ရမ်ဆေးကို စာချုပ်သစ်ချုပ်ဆိုဖို့ စိတ်အားထက်သန်ခဲ့ပေမယ့် လစာကိစ္စ ဆွေးနွေးရာမှာ အဆင်မပြေခဲ့တဲ့အတွက် ဆွေးနွေးမှုတွေ ပျက်ပြယ်ခဲ့ပါတယ်။ အဲဒီအတွက် အာဆင်နယ်ဟာ ရမ်ဆေးနေရာမှာ အစားထိုးနိုင်မယ့် ကစားသမားတွေကို ရွေးချယ်ထားပြီး ဇန်နဝါရီလအပြောင်းအရွှေ့မှာ ဟက်တာဟာရဲရားကို ပစ်မှတ်ထား ခေါ်ယူဖို့ ရှိနေပါတယ်။ ဟာရဲရားဟာ ပေါ်တိုမှာ ၅ နှစ်ကြာ ကစားခဲ့သူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် မက္ကဆီကိုအသင်းအတွက် ပါဝင်ကစားခဲ့သူပါ။ ၂၀၀၈ ခုနှစ်ကတည်းက အာဆင်နယ်အသင်းမှာ ကစားခဲ့တဲ့ ရမ်ဆေးကို လီဗာပူး၊ မန်ယူ၊ ဂျူဗင်တပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။

2K Shares