ယူနိုက်တက်အသင်းကို ဂိုးသွင်းခဲ့တဲ့ ကစားသမားဆီ မက်ဆေ့ခ်ျပို့ပြီး ချီးကျူးခဲ့တဲ့ ယာဂင်ကလော့ပ်

ဒါဘီအသင်းရဲ့ တိုက်စစ်မှူးတစ်ဦးဖြစ်သူ ဟယ်ရီဝီလ်ဆင်က မန်ချက်စတာယူနိုက်တက်အသင်းကို ကာရာဘောင်ဖလားပွဲမှာ ဂိုးသွင်းနိုင်ခဲ့တဲ့ ပွဲအပြီးမှာ လီဗာပူးနည်းပြ ကလော့ပ်ဆီက မက်ဆေ့ခ်ျ လက်ခံရရှိခဲ့တဲ့ အကြောင်းကို ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဟယ်ရီဝီလ်ဆင်ဟာ လီဗာပူးအသင်းကနေ ဒါဘီအသင်းကို အငှားနဲ့ ပြောင်းရွှေ့ကစားနေတာဖြစ်ပြီး ပြီးခဲ့တဲ့ လအတွင်းက ကစားခဲ့တဲ့ ယူနိုက်တက်အသင်းနဲ့ဒါဘီအသင်းတို့ရဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ယူနိုက်တက်အသင်းဘက်ကို ဖရီးကစ်ကနေတစ်ဆင့် လှလှပပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။  

ဒီပွဲမှာ ယူနိုက်တက်အသင်းနဲ့ဒါဘီအသင်းတို့ဟာ ပွဲကစားချိန်မိနစ် (၉၀) အတွင်း တစ်ဖက်နှစ်ဂိုးစီသရေကျနေခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး ပွဲအပြီးမှာ ဒါဘီအသင်းက ယူနိုက်တက်အသင်းကို အနိုင်ရရှိကာ နောက်တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ပထမပိုင်းမှာ မာတာရဲ့ ဂိုးနဲ့ ဦးဆောင်ထားနိုင်ခဲ့ပြီး ဝီလ်ဆင်က ဒါဘီအသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို ဖရီးကစ်နဲ့ လှလှပပနဲ့သွင်းယူနိုင်ခဲ့တာကြောင့် ကလော့ပ်က ဝီလ်ဆင်ဆီ မက်ဆေ့ခ်ျပို့ပြီး ချီးကျူးခဲ့တာလည်း ဖြစ်ပါတယ်။ 

ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝီလ်ဆင်က “အဲ့ဒီပွဲပြီးတော့ ကလော့ပ်က ကျွန်တော့်ဆီ မက်ဆေ့ခ်ျပို့ခဲ့ပါတယ်။ သူက အံ့အားသင့်စရာ ဖရီးကစ်တစ်လုံးဖြစ်ပြီး အရမ်းကောင်းတယ်လို့ ချီးကျူးခဲ့ပါတယ်။ အနာဂတ်မှာ ကျွန်တော်ကစားချင်တဲ့ အသင်းရဲ့ နည်းပြဆီက ဒီလိုကြားရတာ အရမ်းကောင်းပါတယ်။” ဆိုပြီး ပြန်ပြောင်းပြောကြားခဲ့ပါတယ်။ ဒါဘီအသင်းဟာ ယူနိုက်တက်အသင်းကို ကာရာဘောင်ဖလားမှာ အနိုင်ယူကျော်ဖြတ်ခဲ့ပြီးနောက်မှာတော့ နောက်ထပ် ပရီးမီးယားလိဂ်အသင်းကြီးဖြစ်တဲ့ ချဲလ်ဆီးအသင်းနဲ့ နောက်တစ်ဆင့်မှာ ထိပ်တိုက်တွေ့ဖို့ရှိနေပါတယ်။

0 Shares