မိုဒရစ် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရလိမ့်မယ်လို့ ဟာဇက်ပြော

ချဲလ်ဆီး အသင်းအတွက် ခြေစွမ်းပြ ကစားလျက်ရှိတဲ့ ဟာဇက်ဟာ (၂၀၁၈) ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ရီးရဲယ်မက်ဒရစ်အသင်းရဲ့ ကွင်းလယ်လူ မိုဒရစ်ပဲ ရရှိသွားလိမ့်မယ်လို့ ပြောကြားသွားခဲ့ပါတယ်။ မိုဒရစ်ဟာ ပြီးခဲ့တဲ့ရာသီအတွက် ချန်ပီယံလိဂ်အကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့သလို ဖီဖာရဲ့ အကောင်းဆုံး ကစားသမားဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ကာ သူ့အတွက် အကောင်းမွန်ဆုံး ဘောလုံးရာသီတစ်ခုကို ဖြတ်သန်းနေတာလည်း ဖြစ်ပါတယ်။  

ဒီဇင်ဘာလ (၃) ရက်နေ့ကျရင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့မှာ ကျင်းပမယ့် ကမ္ဘာ့အကောင်းဆုံးဆုပေးပွဲမှာ ဆုရရှိဖို့အတွက် မိုဒရစ်အပါအဝင် စီရော်နယ်ဒို ဂရစ်ဇ်မန်းတို့က ထိပ်ဆုံးမှာ ရေပန်းစားလျက်ရှိပါတယ်။ ဟာဇက်က “ဒီဆုကို ကျွန်တော်ရလိမ့်မယ်မထင်ပါဘူး။ ကျွန်တော့်စိတ်ထင် မိုဒရစ်က ဒီဆုနဲ့ ထိုက်တန်ပါတယ်။ ဒီဆုကို ရနိုင်တာ ဗာရာနီအပါအဝင် လေးယောက်လောက်ရှိပါတယ်။ ဗာရာနီကလည်း ဆုဖလားတွေ များစွာရယူထားနိုင်တာကြောင့် ဒီဆုကို ရနိုင်ပါတယ်။” 

“မလိမ်မညာတမ်းပြောရရင် ကျွန်တော်လည်း ဒီဆုနဲ့ ထိုက်တန်နိုင်တာပဲလေ။ ဒါပေမဲ့ မိုဒရစ်ပဲ ဒီဆုကို ရမှာပါ။ ဒီဆုက ချန်ပီယံလိဂ်ဗိုလ်လုပွဲအပါအဝင် ကမ္ဘာ့ဖလားဖိုင်နယ်ကိုပါ ကစားထားတဲ့သူ့အတွက် အံ့အားသင့်ဖွယ်ရာ ရာသီတစ်ခုဖြစ်လာစေပါလိမ့်မယ်။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ မိုဒရစ်ဟာ လက်ရှိအချိန်မှာ ခရိုအေးရှားအသင်းနဲ့ နိုင်ငံတကာရက်သတ္တပတ်အတွက် ပူးပေါင်းပြင်ဆင်လေ့ကျင့်နေပြီး အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်ရမယ့် နေရှင်လိဂ်ပြိုင်ပွဲအတွက် ပြင်ဆင်လျက်ရှိပါတယ်။

 

Leave a Reply

Your email address will not be published. Required fields are marked *