မန်ယူက မော်ရင်ဟိုကို ထုတ်ပယ်လိုက်လို့ ပျော်နေတဲ့ မန်ချက်စတာမြို့တော်ဝန်

မန်ယူအသင်းက နည်းပြ မော်ရင်ဟိုကို ထုတ်ပယ်လိုက်တာ ပျော်ရွှင်မိတယ်လို့ ဂရိတ်မန်ချက်စတာမြို့တော်ဝန် အန်ဒီဘန်းဟမ်းက ပြောပါတယ်။ သူ ပျော်ရွှင်ရတဲ့ အကြောင်းရင်းကတော့ တော်တော်ထူးဆန်းပါတယ်။ မော်ရင်ဟိုဟာ အသင်းသားတွေနဲ့ ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့သလို ရလဒ်ဆိုးတွေ ကြုံတွေ့ခဲ့ပြီးနောက် ခရစ္စမတ်မရောက်ခင် တစ်ပတ်အလိုက ရာထူးက ထုတ်ပယ်ခံခဲ့ရသူပါ။ မော်ရင်ဟိုကို ထုတ်ပယ်ဖို့အတွက် မန်ယူက လျော်ကြေး ပေါင် ၁၅ သန်း ပေးခဲ့ရပါတယ်။
မန်ယူအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် မော်ရင်ဟိုအနေနဲ့ မန်ချက်စတာမြို့က ယာဉ်ကြောပိတ်ဆို့မှုတွေအပေါ် ဝေဖန်တော့မှာမဟုတ်လို့ ပျော်ရွှင်ရတာပါလို့ ဂရိတ်မန်ချက်စတာ မြို့တော်ဝန် ဘန်းဟမ်းက ဆိုပါတယ်။ မော်ရင်ဟိုဟာ အိုးထရက်ဖို့ဒ်မှာ ဘောလုံးပွဲရှိတဲ့ သီတင်းပတ်တိုင်းနီးပါး မန်ချက်စတာမြို့က ယာဉ်ကြောပိတ်ဆို့မှုကို ဝေဖန်ခဲ့ပြီး တစ်ခါတုန်းကလည်း အသင်းဘတ်စ်ကားပေါ်ကနေဆင်းပြီး အိုးထရက်ဖို့ဒ်ကွင်းကို လမ်းလျှောက်သွားခဲ့ဖူးပါတယ်။ အဲဒီအတွက် မန်ချက်စတာမြို့က ယာဉ်ကြောပိတ်ဆို့မှုကို တစ်နိုင်ငံလုံးက သတိထားမိခဲ့ပါတယ်။ အဲဒီလို ဝေဖန်လိုက်ရင် မန်ချက်စတာမြို့ကို ရင်းနှီးမြှုပ်နှံသူတွေ လာတော့မှာမဟုတ်ဘူးလို့ ဘန်းဟမ်းက ဆိုပါတယ်။ အခုခါမှာတော့ မော်ရင်ဟိုက ဒီကိစ္စကို ဝေဖန်တော့မှာမဟုတ်လို့ ဘန်းဟမ်းလည်း သောကကင်းဝေးသွားခဲ့ပါပြီ။

2K Shares