မန်ချက်စတာ ၂ သင်းရဲ့ မတူညီတဲ့ ချဉ်းကပ်မှုနဲ့ မတူညီတဲ့ ကံကြမ္မာ

လွန်ခဲ့တဲ့ ၁၃ နှစ်တုန်းက မန်ချက်စတာမြို့ရဲ့ အကြီးကျယ်ဆုံး ကလပ်အသင်းဖြစ်တဲ့ မန်ယူအသင်းကို အမေရိကန်လုပ်ငန်းရှင် မယ်ကွန်ဂလေဇာက ဝယ်ယူခဲ့ပါတယ်။ မန်ယူအသင်းကို ဂလေဇာ ဝယ်ယူပြီး ၃ နှစ်အကြာမှာပဲ
မန်ယူရဲ့မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းကို အဘူဒါဘီတော်ဝင်မိသားစုဝင်တစ်ဦးဖြစ်တဲ့ ရှိတ်မန်ဆော်က ဝယ်ယူခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်မှာ မန်ယူအသင်းကို မယ်ကွန်ဂလေဇာ ဝယ်ယူတုန်းက သူ့မှာ ကျန်ရှိနေတဲ့ ကြွေးကျန်
ပေါင် ၅၂၅ သန်းကို မန်ယူအသင်းရတဲ့ ဝင်ငွေထဲကနေ ဆပ်ခဲ့တဲ့အနေအထားပါ။
အဲဒီအချိန်တုန်းက နည်းပြကြီး ဖာဂူဆန် ကိုင်တွယ်နေတဲ့ မန်ယူအသင်းဟာ ကွင်းတွင်းမှာ အောင်မြင်မှု အမြောက်အမြားရခဲ့သလို ကွင်းပြင်မှာလည်း စပွန်ဆာကြေးတွေလည်း သောက်သောက်လဲရခဲ့ပါတယ်။ အဲဒီငွေကြေးတွေထဲကနေ အသင်းအတွက် ပြန်မြှုပ်နှံတဲ့ ပမာဏက ဂလေဇာမိသားစုဆီ ရောက်သွားတဲ့ ပမာဏထက်စာရင် နည်းပါးခဲ့ပါတယ်။ အခုချိန်မှာတော့ မယ်ကွန်ဂလေဇာ ကွယ်လွန်သွားပါပြီ။ ကျန်ရှိနေတဲ့ ဂလေဇာမိသားစုဝင် ၆ ဦးက မန်ယူအသင်း ရှယ်ယာ ၉၇ ရာခိုင်နှုန်းကို ခွဲဝေယူထားကြပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက အဲဒီလို ခွဲဝေယူထားကြတာဖြစ်ပြီး သူတို့တွေ ပေါင် ၁၈ သန်းစီ ရရှိခဲ့ပါတယ်။ ၁၃ နှစ်တာကာလအတွင်း မန်ယူအသင်းဝင်ငွေထဲကနေ ဂလေဇာ မိသားစု ထုတ်ယူခဲ့တဲ့ ငွေကြေးက ပေါင် ၁ ဘီလျံကျော်ရှိခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မန်ယူနည်းပြရာထူးကနေ ဖာဂူဆန် အနားယူသွားပြီးနောက်ပိုင်း ကစားသမားနဲ့ နည်းပြခေါ်ယူမှုအတွက် မန်ယူအသင်းဟာ ပေါင်သန်း ၇၀၀ အသုံးပြုခဲ့ပေမဲ့ ကြားကာလအတွင်း ပရီးမီးယားလိဂ်ဖလား တစ်လုံးမှ မရခဲ့ပါဘူး။ ပြီးခဲ့တဲ့ ၁၀ နှစ်အတွင်း ပိုင်ရှင်ဖြစ်သူက ပေါင် ၁ ဘီလျံကျော် ရင်းနှီးမြှုပ်နှံပေးခဲ့တဲ့ မန်စီးတီးအသင်းကတော့ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ အခုချိန်မှာတော့ မန်ချက်စတာနှစ်သင်းကြား ကွင်းတွင်းရလဒ်ပိုင်းရော၊ အောင်မြင်မှု ရရှိတဲ့အပိုင်းပါ ကွာခြားနေပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *