မန်ချက်စတာဒါဘီမှာ အနိုင်ရဖို့ မျှော်လင့်ထားတယ်လို့ဆိုလိုက်တဲ့ ဟာရဲရား

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမားဖြစ်သူ ဟာရဲရားက လာမယ့် တနင်္ဂနွေနေ့မှာ ကစားမယ့် မန်ချက်စတာစီးတီးအသင်းနဲ့ ဒါဘီပွဲစဉ်မှာ အနိုင်ရဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟပြောကြားသွားခဲ့တယ်လို့ သိရှိရပါတယ်။ ယူနိုက်တက်အသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်အဝေးကွင်းပွဲစဉ်မှာ နောက်ကျချေပဂိုးတွေ အနိုင်ဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပြီး ဒီပွဲအပြီးမှာ ဟာရဲရားက အခုလို ဖွင့်ဟပြောကြားသွားခဲ့တာလည်း ဖြစ်ပါတယ်။ 

ဟာရဲရားက “ ကျွန်တော်က အခြေအနေတစ်ခုနဲ့တစ်ခုကို နှိုင်းယှဉ်ရတာကို သဘောမကျပါဘူး။ ဒီပွဲ (မန်ချက်စတာဒါဘီ)က နောက်ထပ်ပွဲတစ်ပွဲဖြစ်ပြီး နောက်ထပ်အခြေအနေအသစ်တစ်ခုပါ။ ကျွန်တော်တို့ ဒီပွဲမှာ အနိုင်ရဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ သူတို့အသင်းက ဒီပွဲအတွက် ရေပန်းစားတဲ့ အသင်းတစ်သင်းပါ။ ဘာလို့လဲဆိုတော့ သူတို့က လက်ရှိအချိန်မှာ အံ့အားသင့်ဖွယ်ရာ စွမ်းဆောင်ရည်တွေ ပြသနေတဲ့ အသင်းတစ်သင်းဖြစ်လို့ပါ။ ဒါပေမဲ့ ကျွန်တော်တို့က ယူနိုက်တက်အသင်းဖြစ်ပြီး ဘာတွေ ဖြစ်လာမလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ မော်ရင်ဟိုက ဗုဒ္ဓဟူးနေ့က နိုင်ပွဲအတွက် ပျော်ရွှင်နေပါတယ်။ မန်စီးတီးနဲ့ ပွဲမတိုင်ခင် ဥရောပမှာ ပုံစံကောင်းပြသနေတဲ့ ဂျူဗင်တပ်စ်အသင်းကို အနိုင်ရခဲ့တာက အရမ်းချိုမြိန်တဲ့ အောင်ပွဲပါ။” 

“မန်စီးတီးအသင်းက အိမ်ကွင်းမှာ ရှုံးပွဲမရှိတာ ဘယ်လောက်ကြာပြီလဲ ကျွန်တော်မသိပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ အနေနဲ့ တစ်ဂိုးပေးရပြီဆိုတာနဲ့ နောက်ထပ်ဂိုးတွေ တောက်လျှောက် ပေးခဲ့ရဖူးတာကို သတိထားရမှာပါ။” ဆိုပြီး ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီရာသီပြိုင်ပွဲစုံမှာ အိမ်ကွင်းရလဒ်ထက် အဝေးကွင်းရလဒ်က ပိုမိုကောင်းမွန်နေတာကို တွေ့ရှိရပြီး ပြိုင်ပွဲစုံမှာ အိမ်ကွင်းနိုင်ပွဲ (၃) ပွဲသာရရှိထားပြီး အဝေးကွင်းနိုင်ပွဲ (၅) ပွဲရရှိထားတဲ့ အသင်းတစ်သင်းဖြစ်တဲ့ အပြင် အဝေးကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီး ဘုန်းမောက် ဂျူဗင်တပ်စ်အသင်းတွေနဲ့ ပွဲမှာ ခြေစွမ်းကောင်းပြသနိုင်ခဲ့ကာ နှစ်ပွဲနိုင် တစ်ပွဲသရေရခဲ့တဲ့ အသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ မန်စီးတီးအသင်းကလည်း အိမ်ကွင်းမှာ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲဆက်တိုက် ခြောက်ဂိုးသွင်းယူနိုင်ခဲ့ပြီး တိုက်စစ်ပုံစံကောင်းပြသနေတဲ့ အသင်းတစ်သင်းဖြစ်တာကြောင့် တနင်္ဂနွေနေ့မှာ ကစားမယ့် မန်ချက်စတာဒါဘီပွဲစဉ်က ပရိသတ်တွေအတွက် ပွဲကြီးပွဲကောင်းတစ်ပွဲဖြစ်လာမှာလည်း ဖြစ်ပါတယ်။

 

 

3K Shares

Leave a Reply

Your email address will not be published. Required fields are marked *