ဘာစီလိုနာအသင်း ရလဒ်ပိုင်းအတွက် ကော်တင်ဟို စိုးရိမ်ခြင်းမရှိ

ဘာစီလိုနာအသင်းရဲ့ လက်ရှိခြေစွမ်းက ပုံမှန်မဟုတ်ဘူးလို့ တောင်ပံကစားသမား ကော်တင်ဟိုက ဝန်ခံခဲ့ပေမဲ့ လက်ရှိကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျော်လွှားနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဘာစီလိုနာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ လာလီဂါပွဲစဉ် ၅ ပွဲမှာ တစ်ပွဲပဲ အနိုင်ရခဲ့ပြီး လာလီဂါ နောက်ဆုံးပွဲစဉ် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့ပါတယ်။ ဘာစီလိုနာဟာ စိတ်ပျက်စရာရလဒ်တွေကြောင့် အမှတ်ပေးဇယား ထိပ်ဆုံးနေရာကနေ ဆင်းပေးခဲ့ရပါတယ်။ ခက်ခဲကြမ်းတမ်းတဲ့အချိန် ဖြတ်သန်းနေရပေမဲ့ ထိတ်ထိတ်ပြာပြာဖြစ်စရာ အကြောင်းရင်းမရှိဘူးလို့ ကော်တင်ဟိုက ပြောပါတယ်။
” လာလီဂါပွဲစဉ် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ခဲ့တာ ဘာစီလိုနာအသင်းအတွက် ပုံမှန်မဟုတ်ပါဘူး။ ဘောလုံးရာသီက ရှည်လျားတဲ့အတွက် ဘာမဆိုဖြစ်နိုင်ပါတယ်။ အဲဒီအတွက် အခြေအနေတစ်ရပ်ကို အမြဲပုံကြီးချဲ့ခံရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ အထိတ်တလန့်ဖြစ်စရာ မလိုဘူးဆိုတာ သိပါတယ်။ ဘာစီလိုနာအသင်းအကြောင်း သိနေလို့ ကျွန်တော် မစိုးရိမ်ပါဘူး။ ကျွန်တော်တို့အသင်း အမှတ်ပေးဇယားထိပ်ပိုင်းမှာ ရှိနေဆဲပါ။ ချန်ပီယံလိဂ်မှာလည်း အကောင်းဆုံး စတင်နိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ်ပါပဲ” လို့ ကော်တင်ဟိုက ပြောပါတယ်။ ဘာစီလိုနာဟာ အောက်တိုဘာလ ၂၀ ရက်နေ့မှာ ဆီဗီလာနဲ့ အမှတ်ပေးဇယား ထိပ်ဆုံးနေရာလုပွဲ ကစားရမှာပါ။

2K Shares