ပွဲဆက်နည်းတာ အခွင့်အရေးတစ်ရပ်လို့ လီဗာပူးနည်းပြ ပြော

မန်စီးတီး၊ စပါးအသင်းတွေနဲ့ ယှဉ်ရင် ပွဲဆက်နည်းနေတာ သူတို့အတွက် အခွင့်အရေးတစ်ရပ်ပဲလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ ရာသီတစ်ဝက်ကျိုးချိန်မှာ လီဗာပူးအသင်း ပြိုင်ပွဲ ၂ ရပ်ပဲ ကစားခွင့်ရတော့လို့ စိတ်ပျက်မိပေမဲ့ ပွဲဆက်နည်းလို့ အချိန်ပိုရတာကို သူတို့အတွက် အားသာချက်အဖြစ် အသုံးချဖို့ ဂျာဂန်ကလော့က မျှော်လင့်နေပါတယ်။ လီဗာပူးဟာ ကာရာဘောင်းဖလားပွဲမှာ ချဲလ်ဆီးကို ရှုံးနိမ့်ခဲ့သလို အက်ဖ်အေဖလားမှာလည်း ဝုဗ်ကို ရှုံးပြီး ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။ အဲဒီအတွက် လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၂ရပ်ပဲ အာရုံစိုက်ဖို့ ရှိပါတယ်။
” ကစားသမားအားလုံး ကြံ့ခိုင်မှုပြည့်နေရင်တော့ ပွဲဆက်နည်းတာ ကြီးမားတဲ့ အခွင့်အရေးတစ်ရပ်ပါ။ အရမ်းကောင်းပါတယ်။ ကျွန်တော်ကတော့ အဲဒီပုံစံကို ပိုကြိုက်ပါတယ်။ ဒါက ကျွန်တော်တို့ ကြုံရတဲ့ အခြေအနေပါ။ ကာရာဘောင်းဖလား ဒါမှမဟုတ် အက်ဖ်အေဖလားတွေက အရေးမကြီးလို့ အဲဒီပြိုင်ပွဲတွေကနေ ထွက်ရအောင် ဆုံးဖြတ်ပြီး ကစားခဲ့တာ မဟုတ်ပါဘူး။ ချဲလ်ဆီးကို အိမ်ကွင်းမှာ ခက်ခက်ခဲခဲ ကစားခဲ့ရပြီး ရှုံးခဲ့ပါတယ်။ ဝုဗ်နဲ့ပွဲမှာ အခြေအနေအရ အပြောင်းအလဲတွေ လုပ်ခဲ့ရပါတယ်။ ဒီဇင်ဘာလတစ်လလုံး ပွဲကျပ်ကစားခဲ့ရလို့ အပြောင်းအလဲ လုပ်ခဲ့ရတာပါ။ လိဂ်-၂ အသင်းနဲ့သာ ကစားရရင် တိုက်စစ်အားသန်တဲ့ ကစားသမားတွေနဲ့ ပွဲထွက်မှာပေါ့။ အဲဒီပြိုင်ပွဲတွေကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမဲ့ ဆက်ကစားခွင့်မရတော့ပါဘူး။ လောလောဆယ်တော့ ကျွန်တော်တို့ အချိန်ကို အကောင်းဆုံး အသုံးချရမယ်။ ဂွာဒီယိုလာက ပြိုင်ပွဲ ၄ ရပ်လုံး ကစားရတာကို ပိုသဘောကျတယ်လို့ ပြောထားပါတယ်။ ကျွန်တော်လည်း သူ့လိုပါပဲ။ အခုတော့ အချိန်ကို အကောင်းဆုံး အသုံးချပြီး ရနိုင်သလောက် အမှတ်များများရအောင် ကစားရမှာပါ”လို့ ဂျာဂန်ကလော့က ပြောပါတယ်။

1K Shares