ပွဲကျပ်ကာလအတွက် လီဗာပူးအသင်း အလိုရှိတဲ့ အကြောင်းအရာကို ပြောပြသွားတဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆန်

လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဟန်ဒါဆန်က လာမယ့် ပွဲကျပ်ကာလအတွက် ကစားသမားအားလုံးကို အလိုရှိတယ်လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ ဘန်လေအသင်းနဲ့ အဝေးကွင်းပွဲစဉ်မှာလည်း သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဒီနိုင်ပွဲအတွက် ကျေနပ်မိတဲ့အကြောင်းကိုလည်း ဟန်ဒါဆန်က ပြောပြသွားပါသေးတယ်။ 

ဒီပွဲမှာ လီဗာပူးအသင်းဟာ ပြိုင်ဘက်အသင်းရဲ့ တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်ခြင်းကို ခံခဲ့ရပေမဲ့ ချေပဂိုးနဲ့ အနိုင်ဂိုးတွေ ပြန်လည်သွင်းယူနိုင်ခဲ့ပြီး ပွဲအပြီးမှာ သုံးဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာပါ။ ဒီပွဲအပြီးမှာ ဟန်ဒါဆန်က “ကျွန်တော်တို့ရဲ့ အနိုင်သုံးမှတ်အတွက် ကျေနပ်အားရပြီး တစ်ဂိုးဂိုးမရှိနဲ့ ဦးဆောင်ခြင်းခံထားရချိန်မှာ အသင်းရဲ့ တုံ့ပြန်မှုကလည်း ကျေနပ်စရာပါ။ ဒါက ကျွန်တော်တို့ တစ်သင်းလုံးအတွက် ကျေနပ်အားရစရာဖြစ်ပြီး အထူးသဖြင့် ပြောင်းလဲမှု အားလုံးအတွက်ပေါ့။ ကစားသမားတွေအားလုံးက အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြပြီး အသင်းရဲ့လူစာရင်းက ဘယ်လောက်ထိ တောင့်တင်းလဲဆိုတာကို ပြသသွားပါတယ်။” 

“လာမယ့် လအတွင်းမှာ ကျွန်တော်တို့အသင်းက ကစားသမားအားလုံးကို လိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ပွဲတွေက တဖြည်းဖြည်းကျပ်လာပြီး နေရာစုံက ကစားသမားအားလုံးက သူတို့နေရာမှာ သူတို့ ကစားနိုင်ဖို့ လိုအပ်ပါတယ်။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ လီဗာပူးအသင်းဟာ ဒီဇင်ဘာပွဲကျပ်ကာလအဖြစ် ဘုန်းမောက် နာပိုလီအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စုတက်ရေးအဆုံးအဖြတ်ပွဲ ယူနိုက်တက် ဝုလ်ဗ် နယူးကာဆယ် အာဆင်နယ်တို့ နဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လီဗာပူးအသင်းအနေနဲ့ ပွဲကျပ်ကာလတွေကို ခက်ခက်ခဲခဲ ကျော်ဖြတ်ရမှာလည်း ဖြစ်ပါတယ်။

 

 

887 Shares