ပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံးကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ လူကာကူ

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး လူကာကူဟာ လက်ရှိပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခြင်းခံခဲ့ရတယ်လို့ သိရှိရပါတယ်။ လူကာကူဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ပုံစံကောင်းပြသနိုင်ခဲ့ခြင်းမရှိဘဲ ဆိုးရွားတဲ့ ခြေစွမ်းတွေကြောင့် ဝေဖန်မှုတွေ ခံနေရတာဖြစ်ပြီး လက်ရှိအချိန်မှာလည်း SportsBible က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ ပရိသတ် (၃၄) ရာခိုင်နှုန်းက လူကာကူကို အဆိုးရွားဆုံး ကစားသမားအဖြစ် ရွေးချယ်ခဲ့ကြပါတယ်။ 

SportsBible က စပါးအသင်းရဲ့ ကွင်းလယ်ကစားသမား အဲရစ်ဒိုင်ယာ၊ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး လူကာကူ၊ ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး မိုရာတာ၊ အဲဗာတန်အသင်းရဲ့ တိုက်စစ်မှူး နီယက်ဆီတို့ကို နောက်ဆုံးဆန်ကာတင် လေးယောက်အဖြစ် ပရိသတ် (၁၆,၀၀၀) ကို မဲပေးရွေးချယ်စေခဲ့ရာမှ လူကာကူက မဲ အများဆုံး ရရှိခဲ့ပြီး လက်ရှိပရီးမီးယားလိဂ်ရဲ့ အဆိုးရွားဆုံး ကစားသမားအဖြစ် ရွေးချယ်ခြင်းခံခဲ့ရတာပါ။ 

တခြားကစားသမားတွေဖြစ်တဲ့ အဲရစ်ဒိုင်ယာကို အဆိုးရွားဆုံး ကစားသမားအဖြစ် ရွေးချယ်တဲ့ ပရိသတ်က (၁၉) ရာခိုင်နှုန်း၊ မိုရာတာက (၃၁) ရာခိုင်နှုန်း၊ နီယက်ဆီက (၁၆) ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ လူကာကူဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၂၃၄) ပွဲကစားပြီးချိန်မှာ ဂိုးပေါင်း (၁၀၆) ဂိုးသွင်းယူပေးထားနိုင်ပေမဲ့ ဒီရာသီ ယူနိုက်တက်အသင်းအတွက် ခြေစွမ်းပြ ကစားနိုင်ခြင်းမရှိဘဲ ဆောက်သမ်တန်အသင်းနဲ့ပွဲမှာ ဘောလုံးကို ထိန်းရင်း ဘောလုံးတက်နင်းပြီး ချော်လဲခဲ့သလို ယန်းဘွိုင်းစ်အသင်းနဲ့ပွဲမှာလည်း ဘောလုံးထက်ရှေ့က အရင်ပြေးထွက်သွားတာကြောင့် လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာလည်း နောက်ပြောင်မှုတွေ ခံခဲ့ရပါသေးတယ်။

 

2K Shares