နံနက်ခင်းသတင်းများ

ချဲလ်ဆီးအသင်းရဲ့ တောင်ပံကစားသမား ဟာဇက်ကတော့ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုကို ရရှိဖို့အတွက် စပိန်မြေကို ပြောင်းရွှေ့ဖို့ လိုအပ်ကောင်းလိုအပ်တယ်လို့ ထပ်မံပြောကြားသွားခဲ့ပြန်ပါတယ်။

ဒါ့အပြင် မိုနာကို အသင်းနည်းပြချုပ်ဖြစ်လာဖို့ ရေပန်းစားနေတဲ့ အွန်နရီကိုလည်း ထိပ်တန်းနည်းပြတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ ဟာဇက်က မှတ်ချက်ပြုပြောကြားသွားခဲ့ပါသေးတယ်။

ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့ ထိပ်တိုက်တွေ့မယ့် နေရှင်လိဂ်ပွဲစဉ်မတိုင်ခင်မှာ မိုဒရစ်က ခရိုအေးရှားအသင်းဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းနဲ့ တွေ့ဆုံခဲ့တဲ့ အချိန်တုန်းက အလွန်တရာမှ အနှိမ်ခံခဲ့ရတယ်လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ ခရိုအေးရှားအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဒီဆီမီးဖိုင်နယ်မှာတော့ ခရိုအေးရှားအသင်းက အချိန်ပိုပြီးဆုံးချိန်မှာ နှစ်ဂိုးတစ်ဂိုးနဲ့ အနိုင်ရရှိပြီး ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့ပါတယ်။

စီရော်နယ်ဒိုရဲ့ မှုဒိမ်းမှုကိစ္စမှာ ရီးရဲယ်မက်ဒရစ်အသင်းလည်း ပါဝင်ပတ်သက်နေတယ်ဆိုပြီး ဖော်ပြခဲ့တဲ့ ပေါ်တူဂီသတင်းစာတစ်စောင်ကို ရီးရဲယ်မက်ဒရစ်အသင်းက တရားစွဲဖို့ ပြင်ဆင်နေပြီလို့ သိရှိရပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းဟာ အက်သလက်တီကိုအသင်းရဲ့ ပြင်သစ်လက်ရွေးစင်နောက်ခံလူ လူးကပ်စ်ဟာနန်ဒက်ဇ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

ဒါ့အပြင် ယူနိုက်တက်အသင်းက ခေါ်ယူမယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ ဒေါ့မွန်နောက်ခံလူ အကန်ဂျီကတော့ အနာဂတ်မှာ ယူနိုက်တက်အသင်းအတွက် ကစားပေးလိုတယ်လို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။

အင်တာမီလန်အသင်းရဲ့ အားကစားဒါရိုက်တာတစ်ဦးဖြစ်တဲ့ အော်စီလိုကတော့ လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ မိုဒရစ်ကို ခေါ်ယူဖို့ မဖြစ်နိုင်ဘူးလို့ ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ 

အယ်လ်ဘေးနီးယားအသင်းရဲ့ ကိုဆိုဗိုနွယ်ဖွား ကစားသမား လာဘီနော့ဟာဘူဇီကတော့ Heart Attack ကြောင့် ကွယ်လွန်သွားခဲ့ပြီလို့ သိရှိရပါတယ်။ လာဘီနော့ဟာ ကွယ်လွန်ချိန်မှာ အသက် (၃၂) နှစ်အရွယ်သာရှိသေးပြီး မာလ်မိုအသင်းမှာ ကစားခဲ့ဖူးတဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။ 

တူရကီကလပ် အစ္စတန်ဘူလ်ဘာဆာခီဟာအသင်းမှာ အငှားနဲ့ သွားရောက်ကစားနေတဲ့ ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်ကစားသမား အာဒါတူရန်ကတော့ နိုက်ကလပ်တစ်ခုမှာ အဆိုတော်တစ်ယောက်နဲ့ စကားများရန်ဖြစ်ပြီး အဆိုတော်ရဲ့ နှာခေါင်းရိုးကျိုးတဲ့အထိ တိုက်ခိုက်ခဲ့တာကြောင့် ရဲစခန်းမှာ ထွက်ဆိုချက်ပေးခဲ့ရတယ်လို့ သိရှိရပါတယ်။

ရီးရဲယ်မက်ဒရစ်အသင်းကတော့ အက်စ်ပန်ညိုအသင်းမှာ ကစားနေတဲ့ အသင်းရဲ့ လူငယ်နောက်ခံလူဟောင်း ဟာမိုဆိုကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရှိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *