ဇန်နဝါရီမှာ အာဆင်နယ်က ထွက်မှာမဟုတ်ဘူးဆိုတဲ့ ရမ်ဆေး

ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အာဆင်နယ်ကနေ ထွက်ခွာမှာမဟုတ်ဘူးလို့ ကွင်းလယ်လူ ရမ်ဆေးက ပြောပါတယ်။ အာဆင်နယ်မှာ ၁၀ နှစ်ကြာ ကစားခဲ့တဲ့ ဝေးလ်ကွင်းလယ်လူ ရမ်ဆေးဟာ အသင်းရဲ့ စာချုပ်သစ်ကမ်းလှမ်းမှုမှာ လစာကိစ္စ အဆင်မပြေခဲ့တဲ့နောက် ဆွေးနွေးမှုကနေ နုတ်ထွက်ခဲ့သူပါ။ အာဆင်နယ်နဲ့ ရမ်ဆေးချုပ်ဆိုထားတဲ့ စာချုပ်ဟာ အခုရာသီအကုန်မှာ ကုန်ဆုံးမှာဖြစ်ပါတယ်။ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ရမ်ဆေးကို ခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းတွေက စိတ်ဝင်စားနေပါတယ်။ ဒါပေမဲ့ ရမ်ဆေးကတော့ အာဆင်နယ်နဲ့အတူ အောင်မြင်မှုရဖို့အတွက် ရာသီကုန်အထိ ကြိုးပမ်းသွားမယ်လို့ ဆိုပါတယ်။
” ကျွန်တော်က အာဆင်နယ်နဲ့ စာချုပ်သက်တမ်းရှိပါတယ်။ ဒီရာသီမှာ အောင်မြင်မှုတစ်ခုခုရဖို့ ကျွန်တော် အကောင်းဆုံး ကြိုးပမ်းသွားမှာပါ။ စာချုပ်ကိစ္စကတော့ သူတို့ ဆုံးဖြတ်ခဲ့တာပါ။ ဘောလုံးလောကမှာ ဒီလိုကိစ္စတွေ ဖြစ်နေကြပါတယ်။ ဒါမျိုးကိစ္စတွေနဲ့ အသားကျနေဖို့ လိုပါတယ်။ ပြီးတော့ ကိုယ် တတ်နိုင်သလောက် အကောင်းဆုံး ကစားရမှာပါ။ ကလပ်အသင်းမှာ ကြုံရသမျှကိစ္စတိုင်း ကောင်းပါတယ်။ စာချုပ်ကိစ္စ သဘောတူညီမှုရတော့မယ်လို့ ထင်မှတ်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ အဲဒီကိစ္စကို ပြောဖို့မလိုတော့ပါဘူး။ ဘောလုံးဆက်ကစားပြီး ဒီရာသီမှာ အာဆင်နယ်အတွက် အကောင်းဆုံး ကြိုးပမ်းပေးဖို့ပါပဲ။ ပြီးရင်တော့ ကလပ်အသင်းနဲ့အတူ အားလုံးကို ချန်ရစ်ထားခဲ့မှာပါ”လို့ ရမ်ဆေးက ပြောပါတယ်။ ရမ်ဆေးဟာ အာဆင်နယ်အတွက် ဒီရာသီ ပရီးမီးယားလိဂ် ပွဲစဉ် ၈ ပွဲကစားရမှာ ၁ ဂိုးသွင်းပြီး ၃ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

0 Shares