ဆုဖလားတွေ ဆွတ်ခူးနိုင်မှပဲ ဗန်ဒစ်ခ်ကို ရာမို့စ်၊ ဗရာနီတို့နဲ့ တန်းတူသတ်မှတ်နိုင်မှာပါ

လီဗာပူးနဲ့အတူ ဆုဖလားတွေ ဆွတ်ခူးနိုင်မှပဲ နောက်ခံလူ ဗန်ဒစ်ခ်ကို ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးအဖြစ် သတ်မှတ်နိုင်လိမ့်မယ်လို့ လီဗာပူးဂန္ထဝင် ကစားသမားဟောင်း ကာရေဂါက ပြောပါတယ်။ ပြီးခဲ့တဲ့ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဆောက်သမ်တန်ကနေ လီဗာပူးကို ပြောင်းရွှေ့လာခဲ့တဲ့ ဗန်ဒစ်ခ်ဟာ လီဗာပူးအသင်း ခံစစ်ကြောင်းမှာ အခရာကျတဲ့ ကစားသမားပါ။ ဒါပေမဲ့ ဗန်ဒစ်ခ်ကို ရီးရဲလ်ဗဟိုခံစစ်မှူးတွေဖြစ်တဲ့ ရာမို့စ်၊ ဗရာနီတို့နဲ့ နှိုင်းယှဉ်ဖို့အတွက် ဆုဖလားအောင်မြင်မှု ရရှိဖို့ လိုအပ်နေသေးတယ်လို့ ကာရေဂါက ဆိုပါတယ်။
”ဗန်ဒစ်ခ်က ထိပ်တန်းကစားသမားတွေထဲမှာ ပါပါတယ်။ တချို့လူတွေက သူ့ကို ထိပ်တန်းကစားသမားစာရင်းမှာ ထည့်သွင်းနိုင်ပါတယ်။ သူ့အနေနဲ့ အရေးအကြီးဆုံး ဆုဖလားတွေ မဆွတ်ခူးနိုင်သေးတဲ့ အချက်ကိုတော့ ကျွန်တော် ထောက်ပြချင်ပါတယ်။ သူ့အတွက် ဆုဖလားတွေ ဆွတ်ခူးဖို့ လိုသေးတယ်လို့ ထင်ပါတယ်။ နေရာတစ်ခုအတွက် အကောင်းဆုံး ကစားသမားဖြစ်ချင်ရင်တော့ ကိုယ်ရေးမှတ်တမ်းမှာ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်ဖလားတွေ ဆွတ်ခူးထားနိုင်ဖို့ လိုပါတယ်။ ပြီးခဲ့တဲ့ရာသီက လီဗာပူးနဲ့အတူ ဗန်ဒစ်ခ် ချန်ပီယံလိဂ် ဗိုလ်လုပွဲ ရောက်ခဲ့ပါတယ်။ ပြိုင်ဘက်အသင်းမှာ ရာမို့စ်နဲ့ ဗရာနီတို့ ပါဝင်ပါတယ်။ သူတို့က ဗန်ဒစ်ခ်ထက် အများကြီး ပိုကောင်းတဲ့ ကစားသမားတွေ မဟုတ်ပါဘူး။ ဒါပေမဲ့ သူတို့တွေ ချန်ပီယံလိဂ်ဖလား ဆွတ်ခူးနိုင်ခဲ့သလို ကမ္ဘာ့ဖလားလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ကိုယ်ရေးမှတ်တမ်းမှာ အဲဒီအောင်မြင်မှုတွေ ရှိနေရင် အသိအမှတ်မပြုဘဲနေဖို့ ခက်ခဲပါတယ်”လို့ ကာရေဂါက ပြောပါတယ်။

0 Shares