ဂျွန်တယ်ရီနဲ့အွန်နရီတို့ကို အက်စတွန်ဗီလာနည်းပြဖြစ်စေချင်နေတဲ့ အီယန်ရိုက်

အာဆင်နယ်အသင်းရဲ့ ဂန္တဝင်ကစားသမားတစ်ဦးဖြစ်တဲ့ အီယန်ရိုက်က အာဆင်နယ်ဂန္တဝင်နဲ့ ချဲလ်ဆီးဂန္တဝင်တို့နှစ်ဦးကို  အက်စတွန်ဗီလာအသင်းနည်းပြဖြစ်စေချင်တဲ့ ဆန္ဒရှိတဲ့ အကြောင်းကို ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ အက်စတွန်ဗီလာအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ်အစောပိုင်းက အသင်းနည်းပြ စတိဗ်ဘရုစ်ကို ထုတ်ပယ်ခဲ့ပြီး နောက် နည်းပြသစ်နေရာအတွက် အွန်နရီနဲ့ဂျွန်တယ်ရီတို့ကို ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ 

အီယန်ရိုက်က “အွန်နရီက မယုံကြည်နိုင်လောက်အောင် တိုက်ပွဲဝင်စိတ်ဓာတ်ပြင်းထန်တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး တယ်ရီကလည်း ခံစစ်ပိုင်းမှာ ထူးချွန်တဲ့ ကစားသမားတစ်ဦးပါ။ သူတို့နှစ်ယောက်တွဲပြီး အက်စတွန်ဗီလာအသင်းကို နည်းပြမယ်ဆိုရင် စိတ်လှုပ်ရှားစရာကောင်းတဲ့ အသင်းတစ်သင်းဖြစ်လာပါလိမ့်မယ်။ သူတို့နှစ်ယောက်က လိုက်ဖက်တဲ့ နည်းပြအတွဲတစ်တွဲ ဖြစ်လာမှာဖြစ်ပြီး တစ်ယောက်နဲ့ တစ်ယောက် အကောင်းဆုံး ကူညီပေးနိုင်ပါလိမ့်မယ်။ အက်စတွန်ဗီလာအသင်းတာဝန်ရှိသူတွေအနေနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ရော ခံစစ်ပိုင်းမှာပါ ပြီးပြည့်စုံတဲ့ နည်းပြကို အလိုရှိတယ်ဆိုရင်တော့ ဒီနှစ်ယောက်ကိုပဲ ရွေးချယ်ရပါလိမ့်မယ်။” ဆိုပြီး ဖွင့်ဟပြောကြားသွားခဲ့ပါတယ်။ 

အွန်နရီက လက်ရှိအချိန်မှာ ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်လျက်ရှိပြီး ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားမှာလည်း ဘယ်လ်ဂျီယံအသင်းကို တတိယရရှိအောင် နည်းပြချုပ်မာတီနက်ဇ်နဲ့ လက်တွဲပြီး စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဂျွန်တယ်ရီကလည်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားသမားဘဝကနေ အနားယူကြောင်း တရားဝင် ကြေညာခဲ့ပြီး နည်းပြဘဝကို ကူးပြောင်ဖို့ ပစ်မှတ်ထားနေရာ အက်စတွန်ဗီလာအသင်းအနေနဲ့ နည်းပြသစ်နေရာအတွက် ဂျွန်တယ်ရီကို ခန့်အပ်မလား အွန်နရီကို ခန့်အပ်မလား ဒါမှမဟုတ် နှစ်ယောက်လုံးကို အတူတကွ ခန့်အပ်မလားဆိုတာ စိတ်ဝင်စားစရာ စောင့်ကြည့်ရမှာပါ။

0 Shares