ချဲလ်ဆီးကနေ ပြောင်းရွှေ့ဖို့ လိုတက်ချိခ်ကို ဆမ်အလာဒိုက်စ် တိုက်တွန်း

ဇန်န၀ါရီလ အပြောင်းအရွှေ့မှာ ချဲလ်ဆီးကနေ ထွက်ခွာဖို့ ကွင်းလယ်လူ လိုတက်ချိခ်ကို အင်္ဂလန်နည်းပြဟောင်း ဆမ်အလာဒိုက်စ်က တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ်အသင်းကို အငှားသွားရောက်ကစားခဲ့တဲ့ လိုတက်ချိခ်ဟာ ခြေစွမ်းပြနိုင်ခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းမှာလည်း ပါဝင်ခွင့်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့က အသင်းပြောင်းမယ်လို့ သတင်းထွက်ခဲ့တဲ့ လိုတက်ချိခ်ဟာ ချဲလ်ဆီးအသင်းမှာပဲ ဆက်ရှိနေခဲ့ပေမဲ့ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃၃ မိနစ်ပဲ ကစားခွင့်ရရှိခဲ့ပါတယ်။
” လိုတက်ချိခ်အတွက် ကျွန်တော် စိတ်ပျက်မိပါတယ်။ ဒီရာသီမှာ အသင်းရဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်မယ်လို့ ချဲလ်ဆီးအသင်းက သူ့ကို ပြောခဲ့ပါတယ်။ အခုချိန်အထိ ချဲလ်ဆီးက သူတို့ပြောတဲ့ စကား မတည်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ရာသီက ခရစ္စတယ်ပဲလေ့စ်နဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းတွေမှာ သူ စွမ်းဆောင်ပြခဲ့တာတွေကြောင့် ချဲလ်ဆီးအသင်းမှာ သူ ကြီးကျယ်ခမ်းနားတဲ့ ရာသီတစ်ခု ပိုင်ဆိုင်မယ်လို့ ကျွန်တော် ထင်ခဲ့မိပါတယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်မလာခဲ့ပါဘူး။ ကျွန်တော်သာ လိုတက်ချိခ်နေရာမှာဆိုရင်တော့ ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းပြောင်းမှာပါ။ အငှားနဲ့ပြောင်းမှာမဟုတ်ပါဘူး။ ချဲလ်ဆီးကနေ အပြီးသတ်ပြောင်းပြီး ကိုယ့်ရဲ့ ကစားသမားဘဝကို တည်ဆောက်မှာပါ”လို့ ဆမ်အလာဒိုက်စ်က ပြောပါတယ်။ ချဲလ်ဆီးအသင်း လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာတဲ့ လိုတက်ချိခ်ဟာ ချဲလ်ဆီးအသင်းအတွက် အသင်းကြီးမှာ ၃၅ ပွဲ ကစားပေးထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *